၁၀.၈.၂၀၂၅
Written By Thandar
လူမှုကွန်ရက်စာမျက်နှာတွေ များပြားလာတာနဲ့အမျှ ရုပ်ရှင်လောက, က အနုပညာရှင်တွေ အတတ် ပညာရှင်တွေအနေနဲ့ ရုပ်ရှင်အစည်းအရုံးဝင်တစ်ဦးအနေနဲ့ လျှောက်ထားမှသာ ပြဿနာတစ်ခုခုဖြစ်ပေါ်လာတိုင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မှာလည်းဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြန်ကြားရေးမှူး ကိုချမ်းသာကြည်စိုးက MT Entertainment ကိုပြောပါတယ်။
“ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်လုပ်ငန်းလိုင်စင်တွေ လာလျှောက်တာကို ထောက်ခံချက်ပေးရတာက ကိစ္စပြဿနာမရှိဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်းသွားကြတယ်။ ရိုက်ကူးခွင့်တွေလာလျှောက်ရင်လည်း ကျွန် တော်တို့ဘက်က ပေးရတယ်။ ဆင်ဆာကြည့်ရှု့ခွင့်လျှောက်ရင် ကျွန်တော်တို့ဘက်က ပေးရတယ်။ လျှောက်လွှာမှာ အနုပညာရှင် အတတ်ပညာရှင်တွေ အကုန်လုံးကို ဖော်ပြကြတယ်။ လျှောက်ချိန်မှာ များသောအားဖြင့် ခု နောက်ပိုင်း Facebook Platform ကျယ်ပြန့်လာတာကြောင့် ဆင်ဆာတင်ရင်လည်း ခွင့်ပြုပေးတာမို့ နယ်ပယ် ကျယ်လာပါပြီ။ Platform ကျယ်တာနဲ့အမျှ လူတွေ တော်တော်များများလျှောက်လာမယ်။ လူပေါင်းစုံဆိုတော့ လူကောင်းပါသလို လူဆိုးတွေလည်းပါလာနိုင်တာမို့ ကျွန်တော်တို့ဘက် တစ်ခုခုဆိုရင် ရုပ်ရှင်အစည်းအရုံးက မသိဘူးလားဆိုတာ ဖြစ်လာမယ်။ မှားမှားမှန်မှန် အစည်းအရုံးက ခေါင်းခံဖြေရှင်းရတာ ရှိနိုင်ပါတယ်။ တော်တော် များများက ကျွန်တော်တို့နဲ့ ထိတွေ့မှုမရှိသူတွေ အများကြီးပါဝင်လာတာရှိတယ် ”လို့ ကိုချမ်းသာကြည်စိုးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၁၉၉၆ ရုပ်ရှင်ဥပဒေပါပြဌာန်းချက်တွေအရ ရုပ်ရှင်နဲ့ ဆက် စပ်တဲ့ လုပ်ငန်းလိုင်စင်တွေ လျှောက်ထားပါက ထောက်ခံချက်ပေးရခြင်း၊ အများပြည်သူကို ပြသမယ့် ရုံတင် ရုပ်ရှင်ဇာတ်ကားဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတို အစရှိတာကို ရိုက်ကူးတဲ့အခါ ရိုက်ကူးခွင့်ပေးခြင်း၊ ဆင်ဆာကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲကို ထောက်ခံတင်ပြပေးခြင်းတွေကို နိုင်ငံတော်တည်ဆဲဥပဒေတွေ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဖွဲစည်းပုံ ပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်တယ်လို့ သိရပါတယ်။
ယခင်က ရုပ်ရှင်ဇာတ်ကားကြီး၊ ဗီဒီယိုဇာတ်ကားတွေပဲရှိခဲ့ပြီး နောက်ပိုင်း ဇာတ်လမ်းတွဲတွေပေါ်ပေါက်လာပြီး ရုပ်သံလိုင်းတွေကပဲ ရိုက်ကူးထုတ်လွှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုနောက်ပိုင်း ဇာတ်ကားတွေ တော်တော်များများ Facebook Application တွေ Platform တွေ အသီးသီးတွေ တရားဝင်ဆက်သွယ်ရေး ကွန်ရက် တွေဖြစ်ပေါ်လာပြီးနောက် YouTube, Facebook ဆင်ဆာတင်ရင် များပြားလာတာနဲ့အမျှ ပေါ်ပေါက်လာတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေ များပြားလာတာကြောင့် ရုပ်ရှင်အစည်းအရုံးဝင်အဖြစ် လျှောက်ထားဖို့ ပေါ်ပေါက်လာတာဖြစ်တယ်လို့သိရပါတယ်။
“ကိုယ်က တရားဝင်ပြသမှု လုပ်ဆောင်တော့မယ် ကျွန်တော့်ဆီလာထောက်ခံပေးဖို့ ဆင်ဆာတင်ရင် ဘယ်တုန်းက သူကရိုက်ထားတာလဲ။ ကျွန်တော်တို့မသိတဲ့သူကို ဘယ်လိုထောက်ခံပေးရမလဲ။ မဖြစ်ပေါ်လာ နိုင်အောင်ပါ။ ဥပမာ- အနုပညာလောကထဲ ခုမှဝင်လာတယ်။ လူပြောစရာ တစ်ခုခုလုပ်ဆောင်ခဲ့ရင် ကျွန်တော့်ဘက်က သတိပေးရမယ်ဆိုရင် ရုပ်ရှင်အစည်းအရုံးဝင်မဟုတ်ရင် ကျွန်တော်တို့ ဘယ်လိုခေါ်သတိပေးမလဲ။ ရုပ်ရှင်အစည်းအရုံးဝင်ဆိုတာ သတ်မှတ်ထားတဲ့အချက်တွေပြည့်မီမှ အစည်းအရုံးဝင်လို့သတ်မှတ်ပေးရတာပါ။ အစည်းအရုံးဝင်ကတ်ကလည်း သတ်မှတ်ထားတဲ့ကားတွေ အပေါ်မူတည်ပြီးမှ ထုတ်ပေးတာပါ။ တကယ်လို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ မကိုက်ညီသေးရင်တော့ ကျွန်တော်တို့က အစည်းအရုံးဝင်အဖြစ် လျှောက်ထားဆဲ နိုင်တင်ထားရအောင်ပါ။ ပြဿနာတစ်ခုခုဖြစ်လာမှ ရုပ်ရှင်အစည်းအရုံးကမသိဘူးလားဆိုတာ မရှိနိုင်အောင်ပါ ”လို့ သူက ဆက်ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်@အစည်းအရုံး ဝင် အဖြစ်လျှောက်ထားဆဲ အနုပညာရှင်၊ အတတ်ပညာရှင် တွေပါဝင်တဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယို ဇာတ်လမ်း၊ တေးသီချင်းဗီဒီယို မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုတွေကိုသာ ရိုက်ကူးခွင့်ပေးခြင်းနဲ့ ဆင်ဆာ ကြည့်ရှုခွင့်ထောက်ခံချက်ပေးမှာဖြစ်တယ်လို့လည်း ကြိုတင်အသိပေးထားပါတယ်။
