
၁၀. ၈ . ၂၀၂၅
Translated by Thettant
ချွန်ဘူရီပြည်နယ်ရှိ စက်မှုဇုန်တစ်ခုတွင် ထိုင်းရဲတပ်ဖွဲ့သည် ကြီးမားသော စီးနင်းမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား ၅၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။
သြဂုတ်လ ၉ ရက်နေ့က လုပ်ဆောင်ခဲ့သော ဤစစ်ဆင်ရေးသည် အမျိုးသားရဲချုပ်၏ ညွှန်ကြားချက်အရ တရားမဝင်လုပ်သားဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် လုပ်ဆောင်သည့် ပိုမိုကြီးမားသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးကို ခရီးသွားရဲတပ်ဖွဲ့ဗျူရိုမှူး ရဲဗိုလ်ချုပ်ကြီး ဆတ်ဆီရာ ဖူအမ်က စုံစမ်းစစ်ဆေးရေးမှူးချုပ် ရဲမှူးကြီး မန် ရိုထောင်နှင့်အတူ ရဲဗိုလ်ချုပ်ကြီး ဂျတ်ဆဒါး သောင်တ၊ ရဲဗိုလ်ချုပ်ကြီး ပီယာပုန် ရက်ဆာနှင့် စုံစမ်းစစ်ဆေးရေး အင်စပက်တာ ရဲမှူးကြီး ခရစ်ဖွန် ဆန်ဂ်ဆူရာတို့၏ အကူအညီဖြင့် ကြီးကြပ်ခဲ့သည်။
ရဲတပ်ဖွဲ့သည် စက်မှုဇုန်အတွင်း တရားမဝင် လုပ်သားလှုပ်ရှားမှုများ ရှိကြောင်း သတင်းရရှိခဲ့ပြီးနောက် ချွန်ဘူရီပြည်နယ် တရားရုံးမှ ရှာဖွေဝရမ်းကို ရယူကာ စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စီးနင်းမှုပြုလုပ်ချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ နိုင်ငံခြားသား အများအပြားကို တွေ့ရှိခဲ့သည်။ အချို့သည် အနီးရှိ တောအုပ်ထဲသို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ချက်ချင်းပင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူများတွင် တရုတ်နိုင်ငံသား ၁၄ ဦး၊ မြန်မာနိုင်ငံသား ၄၃ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးတို့ ပါဝင်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ တရားဝင် အလုပ်လုပ်ခွင့်ပါမစ် မရှိကြပေ။
ကနဦး စုံစမ်းစစ်ဆေးမှုအရ တရုတ်နိုင်ငံသား ၁၄ ဦးသည် ခရီးသွားဗီဇာဖြင့် လာရောက်ကာ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။ ကျန် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၄၄ ဦးကိုမူ တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

ဖမ်းဆီးပြီးနောက် သံသယရှိသူများအားလုံးကို ၎င်းတို့၏ ဥပဒေရေးရာ အခွင့်အရေးများအကြောင်း အသိပေးခဲ့ပြီးနောက် နောက်ထပ်ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် Nong Yai ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
ယခုအခါ ရဲတပ်ဖွဲ့သည် ဤတရားမဝင်လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်နေသော အလုပ်ရှင်များနှင့် အခြားသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများကို ချဲ့ထွင်လုပ်ဆောင်နေသည်။
Ref, The Thaiger
