
၁၀.၈.၂၀၂၅
Written By Thandar
အနုပညာ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာတဲ့ အကယ်ဒမီ ခြူးလေးကတော့ Mahar Original Series ဖြစ်တဲ့ “မယားကျွန်” ဇာတ်လမ်းတွဲမှာ အချစ်ကို ကိုးကွယ်တဲ့ ခင်ရှေးဆန်ဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားပါတယ်လို့ ဆိုပါတယ်။
“မယားကျွန် ဇာတ်လမ်းတွဲမှာ ခြူးလေးက ခင်ရှေးဆန်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ သူက ဖတဆိုးသမီးလေးပေါ့။ အရမ်းချစ်ရတဲ့ အမေရှိတယ်။ မောင်လေးတစ်ဝမ်းကွဲရှိတယ်။ မောင်နှမလိုချစ်ရတဲ့ သူငယ်ချင်းလည်းရှိတယ်။ မိဘတွေ သဘောမတူတဲ့ကြားက အချစ်ကို ကိုးကွယ်တဲ့ကောင်မလေးပေါ့။ အိမ်တွင်း အကြမ်းဖက်မှုတွေ ခံခဲ့ရတယ်။ ယောက်ျားဖြစ်သူက နှိပ်စက်လိုက်နဲ့ပေါ့။ နေ့တိုင်းငိုရတယ်။ နေ့တိုင်း ပျော်ရတာမရှိဘူး။ ဒီကားရိုက်နေချိန်မှာ စိတ်ဒဏ်ရာတွေလည်း အများကြီးရခဲ့တယ်ပေါ့နော်။ ဒီကောင်မလေးအချစ်နဲ့ နာကျဥ်းချက် နှစ်ခုယှဉ်လာချိန်မှာ အချစ်ကပဲ အနိုင်ရမလား။ နာကျဥ်းချက်တွေကပဲ အနိုင်ရမလားဆိုတာ ပရိသတ်တွေ ကြည့်ရှုပေးပါဦးနော်”လို့ အကယ်ဒမီ ခြူးလေးက ပြောတယ်။

အဆိုပါဇာတ်ကားကို ဒါရိုက်တာ ရာဇဝင်ကိုက သရုပ်ဆောင် ကျော်ထက်အောင်၊ အုပ်စိုးခန့်၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခြူးလေး၊ သံသာညီ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။
“ပထမစရိုက်တဲ့နေ့ကတည်း အရမ်းကို Hight Tempo ငိုရတာတွေ ခံစားရတာတွေ ဖြစ်ခဲ့ရတဲ့ကားပါ။ ဖောက်ပြန်တာကို ပြသထားတဲ့ကားမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတရားတွေ ချစ်ခြင်းမေတ္တာမှာ မလိုအပ်ဘဲပါလာတဲ့ အတ္တတွေ၊ မာန်မာနတွေ ကလဲ့စားချေတာတွေ ပါလာရင် Relationship တွေမှာ မကောင်းဘူးဆိုတာ အဓိက ပြထားတယ်။ ဒါ့ပြင် အမေချစ်တဲ့ သားတွေ မတုံးဖို့ပေါ့။ အမေပြောတိုင်းယုံတာထက် ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမကို တစ်ချက်ပြန်ကြည့်ဖို့လည်း ရသစုံပါပါတယ် ”လို့သူမက ဆက်ပြောပါတယ်။
“မယားကျွန်” ဇာတ်လမ်းတွဲကို မကြာခင်မှာ Mahar Application ကနေ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
