
၁၀.၈. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ လက်နက်ကိုင်တွေရှိရာ ဒေသတွေနဲ့ စစ်ပွဲတွေကို အဓွန့်ရှည်ကြာစေတဲ့ သယံဇာတခိုးထုတ်ရာဒေသများစွာကို တိုက်ခိုက်တုံ့ပြန်သွားမယ်လို့ သတိပေးထားတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA က နယ်မြေမစွန့်ခွာဘဲ သယံဇာတ ခိုးထုတ်နေတဲ့ မိုးကုတ်မြို့ကို မနေ့ကညမှာ လေကြောင်းတိုက်ခိုက် ဗုံးကြဲလိုက်လို့ ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ဖြစ်စဥ်မှာ မနေ့က ညပိုင်း ၆ နာရီ ၅၁ မိနစ်အချိန် TNLA အခြေစိုက်ရာ မိုးကုတ်မြို့၊ ကျောက်နဂါးကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဗုံးကျရောက်ပေါက်ကွဲပြီး လူ ငါးဦးသေ၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ငါးလုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တာလို့ TNLA က ပြောပါတယ်။

ညှိနှိုင်းမှုလည်း လက်မခံ၊ နယ်မြေလည်းလုယက်သိမ်းဆည်းထားပြီး သယံဇာတခိုးထုတ်တာလည်းမလျှော့တဲ့ TNLA ဟာ ပြည်သူလူထုကို လူသားဒိုင်းအဖြစ်ထားပြီး မြို့အတွင်းမှာ ဆက်လက်ခိုကပ်ထားတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ခြောက်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့လို့ လူ ၂၁ ဦးသေဆုံးခဲ့ရတယ်လို့ ပြောထားသလို မနေ့က ညနေပိုင်းမှာလည်း သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်း ပေါင် ၂၅၀ ဗုံး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခုနစ်အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
သယံဇာတမြို့တွေ လိုက်လံတိုက်ခိုက် သိမ်းယူနေတဲ့ TNLA ကြောင့် ဒီလိုမြို့သိမ်းပွဲတွေမှာ ပြည်သူလူထုရာထောင်ချီ သေခဲ့ရသလို သိမ်းယူရာမြို့တိုင်းမှာ အိမ်ဖောက်ထွင်းလုယက်တာ၊ သယံဇာတ ခိုးထုတ်နေတာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းပါမချန် ပိုင်ဆိုင်မှူသိမ်းယူ လုယက်စခန်းချမှု ပြုလုပ်နေပြီး ဒီလိုပြုလုပ်လို့ လေကြောင်းတိုက်ခိုက်ခံရရင် သာသနာ့နယ်မြေတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေပါ တိုက်ခိုက်နေပြီလို့ အမြဲထုတ်ပြန်တတ်ပေမဲ့ TNLA တွေ သေဆုံးမှု ထုတ်ပြန်လေ့မရှိပါဘူး။ ဒါ့အပြင် TNLA လက်နက်ကိုင်အကြီးအကဲတွေက အမျိုးသမီးတွေနဲ့ သွားရောက်ပျော်ပါးတတ်ရာ ဟိုတယ်တွေ KTV တွေ ဗုံးကြဲခံရရင်လည်း ဟိုတယ်တွေ KTV တွေ အကြဲခံရကြောင်း ထုတ်ပြန်မှုမရှိပါဘူး။ မိုးကုတ်မြို့မှာ ဗုံးကြဲခံရချိန် ပစ်မှတ်တွေအများစုဟာ ဟိုတယ်တွေ၊ KTV တွေ အစိုးရရုံးတွေဖြစ်နေသလို ပြီးခဲ့တဲ့ ဇူလိုင်လထဲ မိုးကုတ်မြို့မှာ TNLA အကြီးပိုင်းတွေ သောက်စားမြူးတူးရာ Mount Mogok ဟိုတယ်၊ Ruby Wall KTV တွေအပါအဝင် ဟိုတယ်နဲ့ KTV ငါးလုံးထက်မနည်း လေကြောင်းဗုံးကြဲခံရမှုကိုလည်း ဖုံးကွယ်ထုတ်ပြန်ခဲ့ပါတယ်။
