Photo-ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့
၉.၈.၂၀၂၅
Written by Hey Mar
သစ်သားတိုင်မှာခြေလက်တွေ ကြိုးတုပ်လျှက်သား အမျိုးသားရုပ်အလောင်းတစ်လောင်း သံလွင်မြစ်ထဲကနေ မျောပါလာပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းအဆင်း၊ ကမ်းနားအစပ်မှာ ပုပ်ပွတင်နေလို့ လူမှုကူညီရေးအသင်းတွေက သွားရောက်ဆယ်ယူပေးခဲ့ရတဲ့ ဖြစ်စဉ် မနေ့က ဩဂုတ် ၈ ရက် ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။
တွေ့ရှိတဲ့ ရုပ်အလောင်းက ရေထဲမျောနေတာ ၃ ရက်ကျော်ပြီလို့ ခန့်မှန်းရကာ ဘယ်ကနေ မျောပါလာတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုတော့ ခန့်မှန်းဖို့ခက်ခဲကြောင်းနဲ့ ဘားအံ၊ ချောင်းဆုံတစ်ဝိုက်ကဖြစ်နိုင်ပြီး လတ်တလောမှာတော့ မည်သူမည်ဝါ မသိရှိရတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းဖြစ်နေကာ သက်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့လည်း အလောင်းတွေ့တယ်ဆိုလို့ အကြောင်းကြားလို့ သွားဆယ်တာ။ ရေထဲမှောက်လျက်ကြီး ပေါ်နေတာ။ ဆွဲလှန်လိုက်မှ အဲဒီလိုတိုင်ကိုခွ ကြိုးတုပ်ထားမှန်းသိတာ။ အသက် ၃၀၊ ၄၀ လောက်တော့ ခန့်မှန်းရတယ်။ တခြားဘာဒဏ်ရာတွေရှိလဲတော့ မစစ်ကြည့်မိဘူး။ မြန်မြန်ပဲ သယ်ပြီး သက်ဆိုင်ရာတွေဆောင်ရွက်နိုင်ဖို့ ဆေးရုံအမြန်ပို့ခဲ့တယ်” လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက MT News ကဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ဆယ်ယူရရှိတဲ့ ရုပ်အလောင်းကိုရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဆယ်ယူ ထုပ်ပိုးပြီး မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။




