၉. ၈. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ဇူလိုင်လတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၇ သန်းကျော်အထိ ခွင့်ပြုပေးခဲ့၍ ယခုဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁၈ ဒသမ ၆၉၉ သန်ကျော်အထိ ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၄၆ သန်းကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၁ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၇ သန်းကျော်အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ၊ မေလနှင့် ဇွန်လ သုံးလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၀ ကျော်သာ ခွင့်ပြုထားနိုင်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လတစ်လတည်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၇ သန်းကျော်အထိ ခွင့်ပြုပေးခဲ့၍ ယခုဘဏ္ဍာနှစ် ဧပြီလ၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လ လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁၈ ဒသမ ၆၉၉ သန်းအထိ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဘီလျံကျော် ခွင့်ပြုပေးနိုင်ခဲ့ရာမှ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာမှုနှင့် တုံ့ဆိုင်းမှုများဖြစ်ပေါ်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်နှစ်လျှင်ပျမ်းမျှ ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း DICA မှ သိရသည်။

