၉. ၈. ၂၀၂၅
Written by Nyein Kyaw
တီဘီ၊ HIV လူနာများအတွက် ကုသဆေးများကို နိုင်ငံတော်ရန်ပုံငွေမှ စိုက်ထုတ်အကုန်အကျခံ ဝယ်ယူပေးနေ၍ ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ မွန်းလွဲပိုင်းတွင် ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
နိုင်ငံတော်က တိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေးရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ အထူးသဖြင့် တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံ ဝယ်ယူပေးလျက်ရှိရာ လူနာများအနေဖြင့် ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူနိုင်မည်ဖြစ်ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိလာစေရေး ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်ရေး၊ လူနာများ၊ လူနာမိသားစုများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရေးတို့ကိုလည်း ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက်လည်း ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
