◾ အခုဖြစ်စဉ်နဲ့ဆို အုတ်တွင်းမှာ သံဃာအတုအယောင် အရေးယူမှု ကျောင်းထိုင် နှစ်ပါးအပါအဝင် ၁၅ ပါးရှိပြီလို့ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)တာဝန်ရှိသူက ဆို
၉.၈.၂၀၂၅
Written by Hey Mar
အရက်မူးနေတဲ့ သင်္ကန်းပတ်ထားသူတစ်ဦး ရမ်းကားကာ ဘုန်းကြီးကျောင်းအုတ်တံတိုင်း မတ်တပ်အပေါ့စွန့်နေကြောင်း တာဝန်သိပြည်သူတစ်ဦးက မြို့နယ်သာထိန်းအဖွဲ့ထံ သတင်းပေးပို့လာတာကြောင့် လိုက်လံရှာဖွေဖမ်းစီးကာ လူဝတ်လဲ ရဲလက်အပ်တဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မှာမနေ့က ဩဂုတ်လ ည ၇ နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ အုတ်တွင်းမြို့ဈေးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇသီရိ အဂ္ဂမဟာ ပရဟိတဓရ နာယက၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)ထံကနေ သိရပါတယ်။
ဖြစ်စဉ်က အုတ်တွင်းမြို့၊ ရိုးလေးကွက်သစ် ဘုံဆွမ်းလောင်းဓမ္မာရုံအနီး လက်စွပ်ကျလမ်း တိုက်ကျောင်းအုတ်တံတိုင်းကို ဦးသောဘိတ (အရက်အလွန်မူးနေသူ)က သာမဏ သာရုပ္ပ မဖြစ်စေဘဲ မတ်တပ်အပေါ့စွန့်နေရင်း လမ်းမှာ ယိုင်ထိုးပြီး လမ်းလျှောက်သွားနေတဲ့အတွက် တာဝန်သိပြည်သူတစ်ဦးက မြို့နယ်သံဃာ့ဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ရဲ့ တာဝန်ရှိသူတွေဆီ အကြောင်းကြားလာတာကြောင့် လိုက်လံဖမ်းဆီးစစ်ဆေးမေးမြန်းရာ အဆိုပါ သင်္ကန်းပတ်မှာ အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ဒေါင်းညီနောင် ကျောင်းတိုက်မှဖြစ်ပြီး မြို့နယ်သံဃနာယကဆရာတော်ကြီးရှေ့မှောက်သို့ပို့ဆောင်ကာ ဆရာတော်ကြီးဩဝါဒအတိုင်း လူဝတ်လဲပြီး ရဲတပ်ဖွဲ့လက်ဆီ မြို့နယ် သာ/ထိန်းအဖွဲ့က အပ်နှံပြီး အရေးယူစေခဲ့တယ်လို့ သိရပါတယ်။
အုတ်တွင်းမြို့ဈေးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇသီရိ အဂ္ဂမဟာ ပရဟိတဓရ နာယက၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)က “ဖမ်းမိတဲ့ သင်္ကန်းပတ်ရဲ့ ကျောင်းမှာ ထပ်ဖမ်းရဖို့ရှိသေးတယ်။ ရပ်ကျေးအုပ်စု သာ/ထိန်း သံဃာတွေကတော့ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ပါမယ်ပြောတာပဲ။ ထပ်ကြားရင်တော့ မြို့နယ် သာ/ထိန်းက ဝင်ရမှာပါ။ ဒီနှစ်ထဲတင် အဲဒီလို မူးရူးလို့ ရွာကျောင်းထိုင် နှစ်ပါးသင်္ကန်းချွတ်ရတယ်။ မနှစ်ကနဲ့ ဒီနှစ်နဲ့ဆိုရင် ဦးဇင်းတို့ သာ/ထိန်းအဖွဲ့တွေအရေးယူပေးထားတဲ့ သံဃာပေါင်း ၁၅ ပါးမကဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ မေလတွင်းကလည်း အုတ်တွင်းမြို့နယ်၊ သာဂရ (တောင်) ကျောင်းတိုက်မှာ အရက်၊ ဘီယာသောက်ပြီး မူးယစ်ရမ်းကားနေတဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို မြို့နယ်သံဃာ့ဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ရဲ့ တာဝန်ရှိသူတွေက သိက္ခာချ လူဝတ်လဲကာ ရဲလက်အပ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဆိုပါကျောင်းထိုင်ဆရာတော်က ဝါတော် (၃၀) ကျော်နေတဲ့ ကျောင်းထိုင် ဆရာတော်မို့ မကြာခဏ ဖုန်းဆက်တိုင်ကြားချက်တွေရရှိပေမယ့် ပြုပြင်တန်ကောင်းရဲ့လို့ သတ်မှတ်ကာ သက်ဆိုင်ရာ ရပ်/ကျေး သံဃနာယကအဖွဲ့မှ တစ်ကြိမ်ခေါ်ယူဆုံးမ ခံဝန်လက်မှတ်ရေးထိုးခိုင်းထားကြောင်း၊ ဒါပေမယ့် မပြုပြင်ဘဲ မူးရူးရမ်းကားပြီး အတူသီတင်းသုံးဖော်ရဟန်းကို ကိုင်းခုတ်ဓားတစ်ချောင်းနဲ့ ခြိမ်းခြောက်ကာ လမ်းပေါ်ထွက်ပြီး ဆဲဆိုရမ်းကားနေတာကြောင့် မြို့နယ် သာ/ထိန်းက ဝင်ရောက်ဖြေရှင်းခဲ့ကြောင်းလည်း သိရပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း သံဃာအတုအယောင်တစ်ပါး အုတ်တွင်းမြို့မဈေးထဲ အလှူခံနေတာကို တာဝန်သိပြည်သူက အုတ်တွင်းသာ/ထိန်းထံ ဓာတ်ပုံနဲ့တကွ သတင်းပေးပို့လာတဲ့အတွက် ဈေးကျောင်းတိုက်ဆရာတော်ကပဲ အဆိုပါ သင်္ကန်းဝတ်ကို ဈေးကျောင်းဆီ ပင့်ဖိတ်မေးမြန်းရာ အတုအယောင်ဖြစ်ကြောင်း ပေါ်ပေါက်တာကြောင့် လူဝတ်လဲ ရဲလက်အပ်ခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။





