၉. ၈. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံ၊ အရှေ့ဒေလီ၊ ရှာဒရာမြို့မှာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ဆေးသောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး အချင်းများရာကနေ ဖခင်ဖြစ်သူကို တဝါလို့ ခေါ်ဆိုတဲ့ ဒယ်အိုးနဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ မန်ဆာရိုဗာ ပါ့ခ်ရဲစခန်းပိုင်နက်ဖြစ်တဲ့ ရမ်နာဂါမြို့နယ်၊ Budh Bazaar အရပ်မှာ ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သံသယရှိသူ Anu ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက မိသားစုအတွင်း အငြင်းပွားမှုတစ်ခုအတွင်း အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူ Tek Chand Goyal ရဲ့ ခေါင်းကို ရိုက်နှက်ခဲ့တာပါ။ Goyal ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သတိမေ့မြောနေတဲ့အတွက် သားဖြစ်သူ Shivam က GTB ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ပေမဲ့ ဆရာဝန်တွေက ဆေးရုံရောက်ရှိချိန်မှာ သေဆုံးနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုလည်း ရာဇဝတ်မှုဆိုင်ရာ ဆေးစစ်ချက်အတွက် ပို့ဆောင်ထားပါတယ်။
အစပိုင်းမှာ သေဆုံးမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ရှင်းလင်းမှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကွယ်လွန်သူရဲ့ ချွေးမဖြစ်သူ Preeti က Anu ဟာ သူမဖခင်ကို သူမကိုယ်တိုင် ‘ဒယ်အိုး’ နဲ့ ရိုက်နှက်ခဲ့တယ်လို့ ပြောဆိုခဲ့ရာကနေ အရေးကြီးတဲ့ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ Preeti က မီးဖိုချောင်ထဲမှာ စကားများနေတုန်း Anu က သူ့ဖခင်ကို ရိုက်နှက်နေတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားချိန်မှာ အိမ်ထဲမှာ သေဆုံးသူ Tek Chand Goyal၊ သူ့ဇနီး Bala Devi၊ သမီး Anu နဲ့ ချွေးမ Preeti စုစုပေါင်း လူလေးဦးပဲ ရှိခဲ့ပါတယ်။ အိမ်ထောင်မရှိသေးတဲ့ Anu ဟာ မိဘတွေနဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ဒီလုပ်ရပ်မှာ စိတ်ကျန်းမာရေးပြဿနာတွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးနေပါတယ်။ တရားဝင် ဆေးစစ်ချက်အဖြေ မထွက်သေးပေမဲ့ အစောပိုင်း အစီရင်ခံစာတွေအရ Anu ဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ခံစားနေရနိုင်တယ်လို့ ဆိုပါတယ်။
ရှာဒရာမြို့ရဲ့ဒုတိယရဲမင်းကြီး Prashant Gautam က Anu ကို လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ “နောက်ထပ် ဥပဒေရေးရာ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး ဖြစ်စဉ်တစ်ခုလုံးရဲ့ အဖြစ်အပျက်တွေကို အသေးစိတ်သိနိုင်ဖို့ မှုခင်းဆေးပညာအရစစ်ဆေးမှုအပါအဝင် သက်သေအထောက်အထားတွေကို စစ်ဆေးနေပါတယ်” လို့ သူက ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူဦးရေထူထပ်တဲ့ ရပ်ကွက်ဖြစ်တဲ့ Budh Bazaar က ဒေသခံတွေ အံ့အားသင့်ခဲ့ကြပါတယ်။ အိမ်နီးနားချင်းတွေက Goyal မိသားစုဟာ အေးချမ်းပြီး စကားနည်းတဲ့မိသားစုအဖြစ် ဖော်ပြကြပြီး သူတို့အိမ်မှာ ဒီလိုမျိုး အကြမ်းဖက်မှုဖြစ်ရပ်မျိုး ဖြစ်လာနိုင်တာကို မယုံကြည်နိုင်ဖြစ်နေကြပါတယ်။
“သူတို့မိသားစုက အမြဲတမ်း တိတ်ဆိတ်အေးချမ်းတယ်။ ကြီးကြီးမားမား ရန်ဖြစ်တာမျိုးတွေ ဘယ်တုန်းကမှ မကြားဖူးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ အခုဆိုရင် ဖြစ်စဉ်ဖြစ်ပျက်ခဲ့တဲ့ အချိန်ဇယားနဲ့ လူသတ်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို စုစည်းနေပါတယ်။ ဆေးသောက်ဖို့အတွက် အငြင်းပွားမှုက ချက်ချင်းဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပေမဲ့ စုံစမ်းစစ်ဆေးသူတွေက ပိုမိုနက်ရှိုင်းတဲ့ မိသားစုအရှုပ်အထွေးတွေ ဒါမှမဟုတ် အရင်က ပြဿနာတွေကနေ အခုလို ဖြစ်ပွားလာတာလားဆိုတာကို ရှာဖွေနေပါတယ်။
“မိသားစုဝင်တွေအားလုံးနဲ့ အိမ်နီးနားချင်းတွေကို စကားပြောနေပြီး အခင်းဖြစ်ပွားရာနေရာကနေ Forensics နမူနာတွေကိုလည်း စုဆောင်းနေပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ တိုးတက်လာတာနဲ့အမျှ အတိအကျရည်ရွယ်ချက်က ပိုပြီး ရှင်းလင်းလာပါလိမ့်မယ်” လို့ ရဲအရာရှိတစ်ဦးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref, Bhaskar


