၉.၈.၂၀၂၅
Written By Zun
မြန်မာနိုင်ငံဘက်က စိတ်ကြွဆေးပြား ၃၀၀၀၀ ခန့် နှင့် ICE (၁) ကီလိုဂရမ် သယ်လာသည့် အမျိုးသမီးတစ်ဦးကို မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတား ထိုင်းဘက်ခြမ်းတွင်ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြသည်။
အဆိုပါအမျိုးသမီးမှာ အသက် ၆၄ နှစ်အရွယ် မစ္စ Pornthip (ဖွန်ထစ်)ဆိုသူ အမျိုးသမီးဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၈ ရက် ညနေ ၆ နာရီခန့်အချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ပြန်လာစဉ်ယင်း၏ လက်ကိုင်အိတ်ကို တံတားတာဝန်ရှိသူများက စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
မဲဆောက်မြို့ အကောက်ခွန်အရာရှိနှင့် အထူးတပ်ဖွဲ့၊ မဲဆောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးဗျူရို၊ တာ့ခ်ခရိုင်၊ မဲဆောက်ရဲစခန်း၊ ခရိုင်အုပ်ချုပ်ရေးတို့က မဲဆောက်ခရိုင် နယ်ခြားစောင့်ရဲတပ်ခွဲ ၃၄၆ နှင့် ပူးပေါင်း၍ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားခြေရင်းရှိ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်တွင် တာ့ခ်ခရိုင် ၊ မဲဆောက်ခရိုင်က ခရီးသည်များ၏ ခရီးဆောင်အိတ်တွေကို စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်အထုပ်တစ်ထုပ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် အိတ်ကို ရှာဖွေရန်လုပ်ဆောင်စဉ် မစ္စ Pornthip က မသင်္ကာဖွယ် အပြုအမူများ ရှိခဲ့ကာရှာဖွေရန် ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ယင်းအမျိုးသမီးမှာ နခွန်စဝမ်မြို့တွင် နေထိုင်သူဖြစ်ပြီး မဲဆောက်မြို့ကတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဘုရားကျောင်းကန်များသို့ သွားရောက်လည်ပတ်၍ ကုသိုလ်ပြုခဲ့ကြောင်း၊ အပြန်တွင် သူငယ်ချင်းဖြစ်သူ ထိုင်းအမျိုးသမီးတစ်ဦးက လက်ကိုင်အိတ်ကို မဲဆောက်ဘက်သို့ ယူဆောင်သွားပေးရန်ပြောသည့်အတွက် ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး အိတ်ထဲတွင် မည့်သည့်ပစ္စည်းပါရှိသည်ကို မသိရကြောင်းနှင့် သူမ၏ပစ္စည်း မဟုတ်ကြောင်း ငြင်းဆိုနေဆဲ ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ အမျိုးသမီးအား မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့က အိတ်ကို ယူဆောင်သွားခိုင်းသည့် အမျိုးသမီးနှင့် ဆက်စပ်ပတ်သက်သူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
