၉. ၈. ၂၀၂၅
Written by Nay Moe
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် စစ်ရာဇဝတ်မှုကျူးလွန်နေသော ရခိုင်လက်နက်ကိုင် AA က ထန်းရှောက်ခံရွာမှ ဘင်္ဂါလီ ၆၀၀ ကျော်ကို အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်လိုက်မှုကို ICC နှင့် နိုင်ငံတကာက စုံစမ်းစစ်ဆေးအရေးယူပေးရန် ARNC က တောင်းဆိုအပြီးတွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့က ယင်းတို့၏ ဆိုးယုတ်လှသော စစ်ရာဇဝတ်မှုကို တပ်မတော်က ကျူးလွန်သည်ဟု လွှဲချရန် ကြံစည်နေကြောင်း ARNC ပူးတွဲဥက္ကဋ္ဌ ရိုနေဆန်းလွင်က ဖော်ထုတ်လိုက်သည်။
“ထန်းရှောက်ခံကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံအထောက်အထားတွေ ထွက်လာပြီးတဲ့နောက် AA တပ်ဖွဲ့ဝင်တွေက သိမ်တောင်ရွာဘက်ကိုသွားပြီး ရွာသူရွာသားတွေကို ဖိအားပေး လက်မှတ်ထိုး ဗီဒီယိုမှတ်တမ်းတွေ ယူတယ်။ ထန်းရှောက်ခံရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ၊ ရွာမီးရှို့ခဲ့တာတွေကို AA က ကျူးလွန်ခဲ့တာ မဟုတ်ဘဲ၊ မြန်မာစစ်တပ်ကသာ ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုခိုင်းပြီး လက်မှတ်ထိုးခိုင်းတယ်၊ ပြီးတော့ ဗီဒီယိုမှတ်တမ်းလည်း ယူတယ်။ ထန်းရှောက်ခံရွာမှာရှိတဲ့ အရိုးစုတွေကိုလည်း အထောက်အထားတစ်ခုမှ မကျန်အောင် ရှင်းလင်းနေတယ်လို့ သိရတယ်”ဟု ရိုနေဆန်းလွင်က AA ၏ စစ်ရာဇဝတ်မှု ဖုံးဖိရန် ကြံဆောင်မှုကို ဖော်ထုတ်သည်။
ရခိုင်အစွန်းရောက်လက်နက်ကိုင် ထွန်းမြတ်နိုင်၏ AA အဖွဲ့သည် ယမန်နှစ် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာ (ဟိုယာစီးရီးရွာ) မှ ဘင်္ဂါလီအရပ်သား ၆၀၀ ကျော်အား ရခိုင်လက်နက်ကိုင် AA က သတ်ဖြတ်ခဲ့ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဘင်္ဂါလီအရေးလှုပ်ရှားသည့် မောင်ထွန်းခင်တို့ဦးဆောင်သော ARNC ၏ ဩဂုတ် ၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့် ကြောက်မက်ဖွယ်ကောင်းသော ဓာတ်ပုံမှတ်တမ်းများအရ ရခိုင်လက်နက်ကိုင် AA က ဘင်္ဂါလီကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် မိသားစုဝင်အားလုံးကို သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ခိုင်လုံစွာ သက်သေရရှိထားသည်ဟုလည်း ARNC ကပြောသည်။ ဤကဲ့သို့ရက်စက်ကြမ်းကြုတ်မှုများသည် AA ၏ စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည့် ရခိုင်လက်နက်ကိုင် AA ၏ ကျူးလွန်မှု မှန်ကန်သည့် သက်သေများရှိသည်ဟုလည်း ARNC က ပြောသည်။
ထိုကဲ့သို့ AA ၏ ရက်စက်ကြမ်းကြုတ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် သီးခြားဖြစ်ရပ်တစ်ခုမဟုတ်ဘဲ ဘင်္ဂါလီများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းစေခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ဘင်္ဂါလီရွာများကို အလုံးစုံ ဖျက်ဆီးခြင်းတို့ပါဝင်သည့် စနစ်တကျ လုပ်ဆောင်ချက်တစ်ခု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ARNC က ဆိုသည်။
ထို့အပြင် ရွာမှ ထွက်ပြေးရန် မတတ်နိုင်သူများ၊ AA မလိုလားသူများကို AA က အကျဉ်းချပြီး ဓာတ်ဆီဖြင့် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု အသက်ရှင်ကျန်ရစ်သူများက ပြောပြခဲ့ကြသည်။ AA ၏ ထိုကဲ့သို့လုပ်ရပ်သည် သက်သေအထောက်အထားများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိပုံရပြီး လူ့အရိုးစုများ အပါအဝင် လူ့အလောင်းများ၏ အကြွင်းအကျန်များကို တွေ့ရှိရခြင်းက AA ကျူးလွန်သော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များကို အတည်ပြုပေးထားသည်ဟုလည်း ARNC က ပြောသည်။
ထိုသို့သော AA ၏ ကျူးလွန်မှုများကို မျက်မြင်သက်သေများ၊ အသက်ရှင်ကျန်ရစ်သူများနှင့် Fortify Rights ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့အစည်းများ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာများက ရာနှင့်ချီသော ဘင်္ဂါလီ သားကောင်များကို AA က စစ်ရာဇဝတ်မှု ကျူးလွန်မှုအပေါ် အတည်ပြုခဲ့ကြသည်။
အဆိုပါ တွေ့ရှိချက်များသည် ဘင်္ဂါလီအဖွဲ့အစည်းများ ပြောဆိုနေသည့်အတိုင်းပင် AA သည် ဘင်္ဂါလီလူမျိုးများကို ရည်ရွယ်ချက်ရှိရှိနှင့် စနစ်တကျ လူမျိုးတုံးသတ်ဖြတ်နေသည်ကို အတည်ပြုထားသလို ဤစစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှုကို ငြင်းဆန်ခြင်းသည်AA ၏ လူမျိုးတုံးသတ်ဖြတ်နေမှု ရည်ရွယ်ချက်ကို ပိုမိုခိုင်မာစေကြောင်းနှင့် ARNC က ထုကျူးလွန်မှုဖြစ်ရပ်ကို ချက်ချင်းစုံစမ်းစစ်ဆေးရန် နိုင်ငံတကာခုံရုံး (ICC) နှင့် အခြားသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများကို တောင်းဆိုနေသည်ဟုလည်း ARNC က ပြောသည်။


