April 27, 2024

သံဃာများ၊ ကလေးသူငယ်များအပါအဝင် သတ်ဖြတ်ခံရမှု ၅၄၄၃ ဦးအထိရှိနေပြီး တည်ငြိမ်သည့်မြို့ ၁၉၈ မြို့နယ်သာရှိဟု တပ်ချုပ် ပြောကြား

၁.၂.၂၀၂၃
Written by Nay Moe

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူညီဆုံးဖြတ်ချက်များအရ၊ အခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေညာထားသည့် ကာလကို ၁-၂-၂၀၂၃ ရက်မှစ၍  နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”ထံသို့ ထပ်မံအပ်နှံကြောင်း  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) ကျင်းပအပြီး ယနေ့ညနေ ၆ နာရီတွင် သတင်းထုတ်ပြန်သည်။

NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်ကို NLD ပါတီက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဝင်းထိန်၏ နာမည်ဖြင့် ၎င်း၏အသက်နှင့် ရင်းကာ တိုင်တည်ဝံ့ပါကြောင်းဖြင့် ပြည်သူကိုလှုံ့ဆော်သည့် စာတစ်စောင် ထွက်ပေါ်လာခဲ့ပြီး “တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တခဲနက်ဆန့်ကျင်တုံ့ပြန်ကြပါရန် တိုက်တွန်းလိုက်ပါကြောင်း” ဖြင့် တပ်မတော်မှ တာဝန်ယူထိန်းသိမ်းခြင်းကို လုံးဝ သဘောမပေါက်သည့်သူများကို  လက်နက်စွဲကိုင် ဆူပူလုပ်ဆောင်လာစေရန် လမ်းမှားသို့ တွန်းပို့သည်ကို တွေ့ရသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၌ ကြီးမားသည့်ဆန္ဒပြမှုများ ဖြစ်ပေါ်လာသော်လည်း နှောင်းပိုင်းကာလမှစ၍ ဆူပူဆန္ဒပြမှုများ လျော့ကျသွားပြီး ၂၀၂၂ ခုနှစ်တွင် သိသိသာသာ လျော့နည်းသွား ခဲ့သည်။ သို့သော် EAO များနှင့် ပြည်ပနိုင်ငံအချို့က တိုက်ရိုက်/ သွယ်ဝိုက်အကူအညီ ထောက်ပံ့မှုများဖြင့် PDF အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမီးရှို့မှု၊ လူသတ်မှုများ ဆက်ရှိနေခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်အထိ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ၄,၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခံရမှု ၈,၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု ၁,၂၃၁ ကြိမ်၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ လက်နက်မျိုးစုံ ၁၇,၆၉၇ လက်၊ လက်လုပ်မိုင်း/ ဗုံး ၂၇,၂၁၃ လုံးအပါအဝင် ခဲယမ်းမျိုးစုံ ၁,၃၈၂,၆၆၇ တောင့် သိမ်းဆည်းရမိခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့်၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါအဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦးအထိ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ဗုံးဖောက်ခွဲမှုများအနေဖြင့် ကားလမ်းများကို ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးရှို့ ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင်   ၂ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထို့အပြင် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာ ၇၀ ပါး၊ သီလရှင် ၂ ပါး၊ ပညာရေး ဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများရှိခဲ့သည်ဟုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အစီရင်ခံမှုအပေါ်မူတည်ပြီး ကာလုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးတွင် အကြမ်းဖက်မှုဖြစ်စဉ် အကြိမ်အရေအတွက် လျော့နည်းလာသော်လည်း သေဆုံး၊ ဒဏ်ရာရမှုများလာကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မဲစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပျက်စီးဆုံရှုံးမှုနှင့် သေဆုံး/ ဒဏ်ရာရမှုများ ပိုမိုများပြားလာခဲ့သည်။

လက်ရှိတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ တင်ပြချက်များအရ ၁၀၀ ရာခိုင်နှုန်း တည်ငြိမ် အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်းကို သိရှိရပြီး တည်ငြိမ်အေးချမ်းမှုဟူသည် မြို့ပေါ်တစ်ခုတည်းမရဘဲ ကျေးလက်ဒေသ၊ မြို့နယ်အဆင့်ထိ အကျုံးဝင်ကြောင်းနှင့် အကြမ်းဖက်မှုဖြစ်စဉ်များ၏ နောက်ကွယ်တွင် တစ်ချို့သော EAO များသည် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရသည်။

သို့သော် PDF များသည် တိုင်းရင်းသား EAO များနှင့် မတူသည်ကို ၎င်းတို့လုပ်ရပ်ကို ကြည့်ပါက တွေ့ရပြီး ၎င်းတို့ဒေသနှင့် လူမျိုးအတွက်ကို မကြည့်ဘဲ မဲမသမာမှုပြုသူများနှင့် ပူးပေါင်းပြီး၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒလန်ဟူ၍ စွပ်စွဲပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ပစ္စည်းများကို လုယက်ခြင်း၊ ဆက်ကြေးတောင်းခြင်းတို့ကို လုပ်ဆောင်နေသဖြင့် ၎င်းတို့၏ ကိုယ်ကျိုးကိုသာကြည့်ပြီး ၎င်းတို့ဒေသနှင့် လူမျိုးအကျိုးကို ဂရုမစိုက်ဘဲ လုပ်ဆောင်နေသောကြောင့် ယခုအချိန်အထိ နယ်မြေတည်ငြိမ် အေးချမ်းမှုများနှင့် ဝေးကွာနေရခြင်း ဖြစ်ကြောင်း တက်ရောက်လာသည့် အဖွဲ့ဝင်များ သတိပြုနိုင်ရန် တင်ပြလိုသည်ဟုလည်း တပ်ချုပ်က အစီရင်ခံသည်။

အဆိုပါအချက်များအပြင် တစ်နိုင်ငံလုံးတွင် ပါဝင်ယှဉ်ပြိုင်မည့်ပါတီသည် တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် ၁၆၅ မြို့နယ်တွင် ရုံးဖွင့်ထားပြီး ဖြစ်ရမည်ဖြစ်ကာ ပါတီဝင်ဦးရေ တစ်သိန်းရှိရမည်ဖြစ်ပြီး တစ်ရာ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ်သည် ၁၉၈ မြို့နယ်ရှိသည်ဟု တင်ပြချက်များအရသိရှိရသဖြင့်၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရမည့်မြို့နယ် သည် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရမည့် မြို့နယ် ၆၅ မြို့နယ်ရှိပြီး အချို့ကျေးလက်ဒေသများသည် လုံခြုံရေး ပိုမိုလိုအပ်ကြောင်းကို တွေ့ရှိရသည်။ ထို့အတူ အချို့ပြည်နယ်များတွင် ရွေးကောက်ပွဲကိုဒေသ၏ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေရအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိ သေးကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့်လည်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက် ၍ ရနိုင်မည်မဟုတ်ကြောင်း၊ ကျေးလက်နေ ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့၏ မဲပေးနိုင်မှုကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ် သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဥပဒေတွင် ပြန်ကြည့်မည်ဆိုပါကလည်း အခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ သာမာန်အားဖြင့် ၆ လ နှစ်ကြိမ်ပေး၍ရသည် ဖြစ်သော်လည်း လက်ရှိအချိန်သည် သာမာန်အချိန်မဟုတ်သဖြင့် ၆ လတစ်ကြိမ် အနည်းဆုံး ထပ်မံတိုးမြှင့်ပေးရန်သင့် သည်ဟု ယူဆမိပါကြောင်း၊ ၆ လပြည့်ပြီးပါက နိုင်ငံတော်၏ အခြေအနေများကို ထပ်မံတင်ပြမည်ဖြစ်ကြောင်း ပြောကြားမှုများအရ ထိုသို့ နိုင်ငံတော်၏ အခြေအနေမှာ သာမန်မဟုတ်သည့်အခြေအနေဖြစ်သဖြင့် ခြောက်လထပ်မံသက်တမ်းတိုးခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုများအရ သိရသည်။

#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *