
၂၃. ၆. ၂၀၂၅
Translate by Thettant
တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန၏ National Chinese Proficiency Test Committee က စီမံခန့်ခွဲသည့် Hanyu Shuiping Kaoshi (HSK) ခေါ် တရုတ်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲကို ဇွန်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်၌ ကျင်းပခဲ့သည်ဟု တရုတ်အစိုးရအာဘော် Global Times သတင်းဌာနက ဖော်ပြသည်။
Le Hua နိုင်ငံတကာပညာရေးစင်တာမှ စီစဉ်သော HSK တရုတ်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲကို မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာရှိသော ရန်ကုန်တက္ကသိုလ်၌ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံးရှိ တရုတ်ဘာသာစကားသင်ကျောင်းများမှ ကျောင်းသားစုစုပေါင်း ၂၀၀ ဦးသည် HSK အဆင့် ၁ မှ HSK အဆင့် ၆ အထိ ဖြေဆိုခဲ့ကြသည်။
Le Hua နိုင်ငံတကာပညာရေးစင်တာမှ ကျောင်းအုပ်ကြီး ဒေါ်ယဉ်ယဉ်ဝင်းက HSK သည် တရုတ်ဘာသာစကားစွမ်းရည်ကို တိုင်းတာရန်အတွက် အဓိက စံနှုန်းသတ်မှတ်ထားသော စာမေးပွဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။
“HSK အဆင့် ၄ အောင်မြင်တဲ့ ကျောင်းသားတွေဟာ တရုတ်တက္ကသိုလ်တွေမှာ ပညာသင်ဆုလျှောက်ထားဖို့ အရည်အချင်းပြည့်မီပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး “ကျွန်မတို့ စင်တာဟာ ရန်ကုန်တက္ကသိုလ်မှာ HSK စာမေးပွဲ ကျင်းပဖို့ တရားဝင်ခွင့်ပြုချက်ရတဲ့ ပထမဆုံးစင်တာဖြစ်ပါတယ်။ ဒီအခွင့်အရေးအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
HSK စာမေးပွဲကို လက်ခံကျင်းပခြင်းသည် မြန်မာကျောင်းသားများအတွက် ၎င်းတို့၏ တရုတ်ဘာသာစကား ကျွမ်းကျင်မှုကို အသိအမှတ်ပြုလက်မှတ်ရရှိစေရန် ကူညီပေးရုံသာမက မြန်မာနှင့် တရုတ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုအတွက် တံတားတစ်စင်းကိုလည်း တည်ဆောက်ပေးသည်ဟု ဒေါ်ယဉ်ယဉ်ဝင်းကဆိုပြီး HSK အဆင့် ၄ ဖြေဆိုခဲ့သည့် အသက် ၁၉ နှစ်အရွယ် ကြယ်စင်ရှားသူကလည်း အသက် ၁၀ နှစ်ကတည်းက တရုတ်ဘာသာစကား သင်ယူခဲ့ကြောင်းနှင့် ၎င်း၏ ရည်မှန်းချက်မှာ တရုတ်ပြည်တွင် ပညာသင်ကြားရန်ဖြစ်ကြောင်း ပြောခဲ့သလို “ကျွန်မ အဆင့်အားလုံးကို ပြီးအောင်လုပ်ပြီး တရုတ်ပြည်မှာ ကျောင်းသွားတက်ချင်ပါတယ်” ဟု ဆိုသည်။
Ref , Global Times
