၃. ၂. ၂၀၂၆
Written by Nyein Kyaw
လာမည့် ပညာသင်နှစ်တွင် Grade-12 သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲမည်ဖြစ်ပြီး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယမန်နေ့က ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များသင်ကြားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
လာမည့်ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲရမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင်ရှိသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းမည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတွင် ဒုတိယဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
ယင်းသို့ ပြန်လည်ဖွဲ့စည်းရာတွင် ပညာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာများနှင့် ပတ်သက်သည့် ပညာရှင်များကိုပါ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည်ဆိုပါက ပိုမိုကောင်းမွန်သည့် သင်ရိုးညွှန်းတမ်းများဖြစ်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားပေးရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားပေးနိုင်ရန်၊ သင်ရိုးများ အချိန်မီရေးဆွဲရန်၊ သင်ကြားမည့် ဆရာ၊ ဆရာမများနှင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပေးရန်နှင့် သင်ကြားမည့်အချိန်များ သတ်မှတ်နိုင်ရန် ဆွေးနွေးကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဆက်လက်ပြောကြားသည်။
