၃.၂.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အနော်ရထာလမ်းမတွင် ဖေဖော်ဝါရီလ ၁ ရက် ည ၉ နာရီ ၄၂ မိနစ်ခန့်က ကျုးကျော်တဲကိုးလုံး မီးလောင်မှုမှာ အရက်အေးဂျင့်ဆိုင်မှ လုပ်ငန်းသုံးရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
“ကျုးကျော်တဲတွေမှာ ဆိုင်ဖွင့်ထားတဲ့ အရက်အေးဂျင့်က စလောင်တာ။ လုပ်ငန်းသုံးရေခဲသေတ္တာက အပူလွန်ရာကနေ ဝါယာကြိုးတွေမီးလောင်ပြီး အဲ့ဒီကနေ ပစ္စည်းထုပ်ပိုးထားတဲ့ စက္ကူတွေ၊ ကတ်ထူတွေ၊ ပလပ်စတစ်တွေနဲ့ အရက်တွေကနေ မီးလောင်မှုကြီးသွားတာပါ။ လူထိခိုက်မှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မိနစ် ၄၀ နီးပါး လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ သွပ်ကာ၊ ဝါးခင်း ကျုးကျော်တဲကိုးလုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၆ နှစ်အရွယ် ဦးနေလင်းအောင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် တက်သစ်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။




