
၂၃.၆.၂၀၂၅
Written by Hey Mar
ရွှေမျောတိုက်ရင်း မြေစာပိကာ ညီအစ်ကို နှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရွာ၊ အထက်မှော်ရှန်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကျန်ရှိနေတဲ့ ရုပ်အလောင်းတစ်လောင်းကို မနေ့က ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ထပ်မံတွေ့ရှိ သင်္ဂြိုဟ်ခဲ့တယ်လို့ ဖားကန့်အခြေစိုက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သေဆုံးသူတွေက တရုတ်လူမျိုး ညီအစ်ကို ၂ ဦးဖြစ်ပြီး ညီဖြစ်သူ ရုပ်အလောင်းကို ဖြစ်စဉ် ဖြစ်တဲ့နေ့ ၂၁ ရက်နေ့ ညနေပိုင်းကတည်းက ဦးခေါင်းမပါဘဲ ရှာဖွေတွေ့ရှိခဲ့ပြီး အစ်ကိုဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ နောက်နေ့ ဇွန်လ ၂၂ ရက်နေ့ ညနေမှ ထပ်မံတူးဖော်ရှာဖွေတွေ့ရှိတာလည်း ဖြစ်ပါတယ်။

သင်္ခါရ လူမှုကူညီရေးအသင်း (ဆိုင်းတောင်)မှ တာဝန်ရှိသူက “မိုးကလည်း အဆက်မပြတ်ရွာနေတော့ မြေကြီးတွေက ပျော့နေတာ။ အဲ့ဒီအချိန် ရွှေမျောတိုက်တဲ့အခါ မြေစာပုံ ပြိုကျပြီး ပိမိ သေဆုံးသွားတာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ ညီအစ်ကိုနှစ်ဦးစလုံးကို သင်္ခါရ လူမှုကူညီရေးအသင်းရဲ့ အစီအစဉ်နဲ့ပဲ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းကလည်း ဖားကန်းမြို့၊ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာမှာ ကျောက်စိမ်းတူးရာမှာ အသုံးပြုတဲ့ ယမ်းတွေ သိုလှောင်ရာ ယမ်းတိုက် ပေါက်ကွဲမှု ဖြစ်ပွားလို့ ပေ နှစ်ရာပတ်လည်အတွင်း နေထိုင်သူ လူ ၈ ဦးသေဆုံးခဲ့ပါသေးတယ်။
