
၂၃. ၆. ၂၀၂၅
Translated by Thettant
ထိုင်း-မြန်မာနယ်စပ် ကန်ချနာဘူရီပြည်နယ်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦးကို ပစ်ကပ်ကားတစ်စီးဖြင့် တင်ဆောင်လာကာ လူမှောင်ခိုပို့ဆောင်ရန် ကြိုးပမ်းခဲ့သည့် ထိုင်းနိုင်ငံ၊ ဘန်ဆဖန်မြို့နေသူ ထိုင်းအမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်ရပ်မှာ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ကန်ချနာဘူရီပြည်နယ်၊ သောင်းဖာဖုမ်ခရိုင်အုပ်ချုပ်ရေးမှူး ချာခရစ် တန်ဖီရွန်ဦးဆောင်သည့် အာဏာပိုင်များထံ ရဲတပ်ဖွဲ့က တင်ပြလာသည့် မှောင်ခိုလူကုန်ကူးမှုဆိုင်ရာ သတင်းပေးပို့ချက် ရရှိခဲ့သည်။ အဆိုပါ မှောင်ခိုလူကုန် ကူးမှုတွင် ဘန်ကောက်လိုင်စင်နံပါတ်ပြားပါရှိသည့် အဖြူရောင် Isuzu ပစ်ကပ်ကားတစ်စီးက တရားမဝင်လုပ်သားများကို သောင်းဖာဖုမ်ခရိုင်အတွင်းသို့ သယ်ယူပို့ဆောင်နေကြောင်း သိရှိခဲ့ရသည်။

အဆိုပါ သတင်းသိရှိပြီးနောက် သောင်းဖာဖုမ်ခရိုင် လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများသည် လမ်းကြောင်းအမျိုးမျိုးတွင် ကင်းလှည့်ခဲ့ကြသလို အခြားအဖွဲ့တစ်ဖွဲ့က သာခနွန်ခရိုင်၊ မူး (၄)၊ ဝပ်ဦးလုံရွာအနီးရှိ ဧရိယာကို စောင့်ကြည့်ခဲ့ပြီး သံသယဖြစ်ဖွယ်ယာဉ်ကို တားဆီးရန် စောင့်ဆိုင်းခဲ့သည်။
ထိုင်းအစိုးရ၏ နယ်စပ်လုံခြုံရေးစီမံချက်ဖြစ်သော SEAL STOP SAVE နယ်စပ်လုံခြုံရေး စီမံချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် အဆိုပါ ဖမ်းဆီးမှုကို စောင့်ဆိုင်းပြင်ဆင်နေစဉ် ယနေ့ ဇွန်လ ၂၃ ရက်၊ နံနက် ၃ နာရီ မိနစ် ၄၀ တွင် ထိုင်းရဲတပ်ဖွဲ့က ဆန်ခလာဘူရိခရိုင်မှ လာသည့် သတင်းရရှိထားသော မသင်္ကာယာဉ်ကို တွေ့ရှိသဖြင့် စစ်ဆေးနိုင်ရေး ရပ်တန့်ရန် အချက်ပြသော်လည်း ယာဉ်မောင်းက အရှိန်မြှင့်ကာ သာခနွန်ခရိုင်၊ မူး (၂) ရှိ ဘန်ဦးလုံရွာဆီသို့ ထွက်ပြေးခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ရဲတပ်ဖွဲ့သည် တရားမဝင်မြန်မာလုပ်သားများတင်ဆောင်လာပြီး မဲခေါင်မြစ်၏ မြစ်လက်တက်ဖြစ်သော ကွေ့နွိုင်မြစ်ဆီသို့ ဦးတည်သော ရွှံ့လမ်းမှတစ်ဆင့် ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်ယာဉ်ကို လိုက်လံဖမ်းဆီးခဲ့သည်။ ထိုင်း ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုအတွင်း တရားမဝင် မြန်မာလုပ်သားများနှင့် မှောင်ခိုပို့ဆောင်သူတို့ စီးနင်းလာသည့် ကားမှာ ရွှံ့ထဲတွင် နစ်မြုပ်သွားခဲ့ပြီးနောက် ပါဝင်သူအားလုံးကို ဖမ်းမိခဲ့သည်။ ဖမ်းမိခဲ့သော မြန်မာနိုင်ငံမှ တရားမဝင်လာရောက်သူ ရွှေ့ပြောင်းလုပ်သားများသည် ဘန်ကောက်နှင့် မလေးရှားသို့ သွားရန်အတွက် တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၅၁၅) ကျော်ပေးခဲ့ရကြောင်း ဝန်ခံခဲ့ကြပြီး လက်ရှိတွင် ဖမ်းမိထားသူများကို အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
Ref, The Thaiger
