၃၀.၁.၂၀၂၆
Written by Linn Eain
ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ကို ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံ စာတမ်းဖတ်ပွဲနှင့် သိပ္ပံပွဲတော်ကျင်းပရေး၊ စျေးရောင်းပွဲတော်ကျင်းပရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်တက္ကသိုလ် အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပြီး ဆပ်ကော်မတီများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ကို ရန်ကုန်တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုစင်တာ (Center for Research and Innovation)တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ရန်ကုန်တက္ကသိုလ်အတွင်းနှင့် အခြားဆက်စပ်သည့်နေရာများတွင် သန့်ရှင်းလှပစေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ညီလာခံကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေနှင့် သိပ္ပံပွဲတော်တွင် ပြခန်းများခင်းကျင်းပြသရန် စီစဉ်ဆောင်ရွက်ထားမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ထွန်းနိုင်တို့နှင့် ဇန်နဝါရီ ၂၇ ရက်က လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တွင် လှိုင်နယ်မြေပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆရာမအဆောင်များ၊ ကျောင်းသား ကျောင်းသူအဆောင်များ အလင်းဖွင့်ရေး၊ ခပေါင်းဆောင်နှင့်ပုပ္ပားဆောင်ရှေ့တွင် ယာယီဖူဆယ်ဘောလုံးကွင်းနှင့် ဘော်လီဘောကွင်း တည်ဆောက်ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး လှိုင်တက္ကသိုလ်နယ်မြေ အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
