၃၀.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ကျူးဘားကို ရေနံရောင်းချတဲ့ ဒါမှမဟုတ် ထောက်ပံ့မှုပြုတဲ့ နိုင်ငံတွေကနေ အမေရိကန်ကိုတင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် နောက်ထပ်ကောက်ခံမယ့် အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမိန့်အရ နိုင်ငံတကာ အရေးပေါ်စီးပွားရေးအာဏာအက်ဥပဒေကို ပြဋ္ဌာန်းပြီး ကျူးဘားအစိုးရကို အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ထူးခြားတဲ့ခြိမ်းခြောက်မှု ပြုနေတယ်လို့ ခေါ်ဆိုခဲ့ပါတယ်။
သမ္မတဒေါ်နယ်ဒ်ထရမ့်ပ်က ကျူးဘားနိုင်ငံကို ရေနံထောက်ပံ့မှု ဖြတ်တောက်ဖို့ ရည်ရွယ်လုပ်ဆောင်လျက်ရှိရာမှာ ဒီလုပ်ဆောင်ချက်က ကာရစ်ဘီယံဒေသကျွန်းနိုင်ငံ ကျူးဘားရဲ့ နက်ရှိုင်းနေပြီဖြစ်တဲ့ စွမ်းအင်အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ကာရစ်ဘီယံဒေသမှာရှိတဲ့ ကျူးဘားကျွန်းဟာ မကြာသေးမီနှစ်များအတွင်း လောင်စာဆီပြတ်လပ်မှု ပြင်းထန်စွာကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့ ဓာတ်အားလိုင်းကွန်ရက်စနစ်ကို ထိခိုက်ခဲ့ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပါတယ်။
ကျူးဘားဟာ ၁၉၆၂ ခုနှစ်မှစ၍ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအောက်မှာ အများအားဖြင့် ရှိနေခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဗင်နီဇွဲလား၊ မက္ကဆီကိုနဲ့ ရုရှားစတဲ့ မဟာမိတ်နိုင်ငံတွေဆီက ရေနံတင်ပို့မှုတွေကို အဓိကအားကိုးခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီလအစောပိုင်းမှာ အမေရိကန်က ဗင်နီဇွဲလားကိူ စစ်ရေးတိုက်ခိုက်မှုတစ်ခု စတင်ခဲ့ပြီး သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးပြန်ပေးဆွဲပြီးနောက် ဗင်နီဇွဲလားမှ ကျူးဘားကို ထောက်ပံ့မှုတွေက ရပ်တန့်သွားခဲ့ပါတယ်။
ထရမ့်ပ်က ဗင်နီဇွဲလားရေနံကို ကျူးဘားကို နောက်ထပ်ပို့ဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားအစိုးရဟာ ပြိုလဲဖို့ အသင့်ဖြစ်နေပြီလို့လည်း ပြောပါတယ်။
ထရမ့်ပ်ရဲ့ နောက်ဆုံးအမိန့်က ကျူးဘားကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနိုင်ငံကိုလည်း ဖိအားပေးမှုတွေဖြစ်လာဖွယ်ရှိနေပါတယ်။
မက္ကဆီကိုရဲ့ အစိုးရပိုင် ရေနံကုမ္ပဏီ Pemex က ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကျူးဘားကို တစ်နေ့ကို ရေနံစည် ၂၀,၀၀၀ နီးပါး တင်ပို့ခဲ့တယ်လို့ နောက်ဆုံးသတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ရေနံစိမ်းတင်ပို့မှုတွေကို ခြေရာခံတဲ့ ကျွမ်းကျင်သူတွေက ဒီကိန်းဂဏန်းဟာ တစ်နေ့ကို ရေနံစည် ၇,၀၀၀ လောက်အထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref-DW News
