၃၀.၁.၂၀၂၆
Written by Linn Eain
ပြည်တွင်းတွင် အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော ခွေးရူးရောဂါကာကွယ်ဆေး ပြန်လည်ထုတ်လုပ်နိုင်ရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနတွင် ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ခွေးရူးရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေ၊ ပဏာမ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရလဒ်များ၊ ဆဲလ်ပျိုးခြင်း နည်းပညာဖြင့် ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှုအခြေအနေနှင့် ကြက်ဥပျိုးခြင်း နည်းပညာဖြင့် ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှု အခြေအနေများကို တက်ရောက်လာသည့် ပညာရှင်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ တိရစ္ဆာန် ဆေးပညာကောင်စီနှင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် ဒုတိယဝန်ကြီးက ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် စမ်းသပ်ထုတ်လုပ်မည့် ကာကွယ်ဆေး၏ အရည်အသွေး၊ လုံခြုံမှုနှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်ထုတ်လုပ်သွားရမည် ဖြစ်သလို ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ခွေးရူးရောဂါပိုးသည် လူကို ကူးစက်စေနိုင်သည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သူများ၏ အာရုံကြောဆိုင်ရာ ကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေး ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပြီး လိုအပ်ချက်ပေါ် မူတည်၍ ပြန်လည်ထုတ်မည်ဆိုလျှင်လည်း အဓိက ဆောင်ရွက်ရမည့်အပိုင်းများကို ဆွေးနွေးကြရမည်ဖြစ်ပြီး အန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်ဝသော ခွေးရူးရောဂါကာကွယ်ဆေး ပြန်လည်ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းမှု လျော့နည်းစေမည် ဖြစ်ပြီး လိုအပ်သည့်အချိန်တွင် အချိန်မီ ပံ့ပိုးနိုင်မည်ဖြစ်သည့်အတွက် နည်းပညာဆိုင်ရာ အကောင်းဆုံး အကြံဉာဏ်များ ဆွေးနွေးပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
