၂၉. ၁. ၂၀၂၆
Written by Nyein Kyaw
မူလတန်း ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို ယခုဇန်နဝါရီလမှ ဧပြီလအတွင်း သင်တန်းလေးကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် အဆိုပါသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားမှ သိရသည်။
မူလတန်းဆရာ/ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ ၁၀ ရက် တက်ရောက်ရခြင်းဖြစ်သည်။
စတင်ဖွင့်လှစ်သည့် သင်တန်းအမှတ်စဉ်(၁)တွင် ပညာရေးဝန်ကြီးဌာန နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ ၄၆ ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများမှ ဆရာမ ၃၀ စုစုပေါင်းသင်တန်းသား သင်တန်းသူ ၇၆ ဦး တက်ရောက်လျက်ရှိသည်။
အဆိုပါသင်တန်းတွင် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ကလေးသဘောသဘာဝနှင့် အခြေခံလိုအပ်ချက်၊ ကစားခြင်းဖြင့်သင်ကြားခြင်း၊ ကလေးဖွံ့ဖြိုးမှု၊ စာသင်ခန်းစီမံခန့်ခွဲမှုနှင့် သင်ယူရာနေရာများ၊ ကလေးစိတ်ပညာ၊ သင်ယူမှု၏ အခြေခံအုတ်မြစ်များ၊ မိသားစုပုံစံအမျိုးမျိုးနှင့် မိဘရပ်ရွာပူးပေါင်းဆောင်ရွက်ခြင်းများ သင်ကြားပေးလျက်ရှိသည်။
ထို့အတူ အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးများနှင့် သင်ကြားမှုနည်းလမ်းများ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ အစောပိုင်းကာလ စာတတ်မြောက်မှု၊ ကလေးများအား ကြည့်ရှုလေ့လာခြင်း၊ အကူးအပြောင်းကာလ အရေးကြီးပုံ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့နည်းလမ်းများ၊ Role Play များဖြင့် သင်ကြားပေးလျက်ရှိသည်။
