၂၉. ၁. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းရွှေဈေးနှုန်း တစ်ပတ်ဝန်းကျင်၌ပင် ကျပ် ၁၅ သိန်း ထပ်မံခုန်တက်ပြီး ကျပ် ၁၁၅ သိန်း ကျော်နေပြီဖြစ်၍ အစိုးရရည်ညွှန်းရွှေဈေးနှုန်း၏ နှစ်ဆခန့်အထိ အဆမတန်မြင့်တက်နေကြောင်း ပြည်တွင်း ရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။
ပြည်တွင်းရွှေဈေးနှုန်း အဆမတန်မြင့်တက်လျက်ရှိရာ ဇန်နဝါရီ ၂၁ ရက်တွင် ကျပ်သိန်း ၁၀၀ သို့ ရောက်ရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကျပ် ၁၁,၅၅၀,၀၀၀ အထိ ဖြစ်ပေါ်လာခဲ့သည်။ တစ်ပတ်ဝန်းကျင်၌ပင် ကျပ် ၁၅ သိန်းခုန်တက်ခဲ့ခြင်းလည်းဖြစ်သည်။

ယနေ့တွင် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး)သည် ကျပ် ၆၁ သိန်းဖြစ်၍ ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၁၅ သိန်းကျော်သည် (ကျပ်သိန်း ၁၂၀ ခန့် ရည်ညွှန်းရွှေဈေးနှုန်း၏နှစ်ဆ) သို့ ရောက်ရှိနေခြင်းဖြစ်သည်။
အစိုးရရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၆၁ သိန်းထက် ပြင်ပရွှေဈေးနှုန်းသည် ကျပ် ၅၄ သိန်းခွဲအထိ မြင့်တက်နေခြင်းကြောင့် အစိုးရရည်ညွှန်းစျေးထက် ၈၉ ဒသမ ၃၄ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။
လက်ရှိတွင် အဆမတန် ဆက်တိုက်မြင့်တက်နေသော ရွှေဈေးနှုန်းအား ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များရှိပြီးဖြစ်၍ ရွေးကောက်ပွဲပြီးပါက ပုံမှန်ဈေးနှုန်းအတိုင်း ပြန်ကျဆင်းသွားမည်ဖြစ်ကြောင်း ပြည်တွင်းရွှေဈေးနှုန်း ကျပ်သိန်း ၁၀၀ ကျော်သို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ဖြေကြားထားသည်။
ယခုကဲ့သို့ ဈေးနှုန်းအဆမတန် မြင့်တက်နေမှုများသည် ဈေးနှုန်းဆွဲတင်နေမှုများကြောင့်ဖြစ်ပြီး ရွှေဈေးနှုန်း အဆမတန်မြင့်တက်နေမှုများကြောင့် ရွှေဆိုင်များအား သတ်မှတ်ရည်ညွှန်း ရွှေဈေးနှုန်းဖြင့်သာ ရောင်းချရန်ညွှန်ကြားထားသည့်အပြင် ဈေးကွက်ပေါက်ဈေး မဟုတ်သည့်အတွက် အရောင်းအဝယ်ပြုလုပ်ရန် အဆင်မပြေ၍ ရွှေဆိုင်တချို့လည်း ရပ်နားထားကြောင်း ဦးမျိုးမြင့်က ပြောကြားထားသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ဒီဇင်ဘာလ တတိယအပတ်မှစတင်၍ ကျပ်သိန်း ၉၀ သို့ စတင်ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် ကျပ် ၉၉ သိန်းအထိလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ်သိန်း ၁၀၀ ကျော်အထိလည်းကောင်း ထပ်မံမြင့်တက်ခဲ့သည်။ ယနေ့တွင် ကျပ်သိန်း ၁၁၅ သိန်းကျော်အထိ မြင့်တက်ခဲ့၍ တစ်ပတ်ဝန်းကျင်၌ပင် ကျပ် ၁၅ သိန်းဝန်းကျင် ခုန်တက်ခဲ့ခြင်းဖြစ်သည်။
