၂၉ .၁. ၂၀၂၆
Written by Thiri
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့”ဟာ မနေ့က ဇန်နဝါရီ ၂၈ ရက် ညပိုင်းက တောင်တွင်းကြီးကနေ တပ်ကုန်းမြို့ဆီ ဖျော်ဖြေဖို့ တောင်တွင်းကြီး – နေပြည်တော် လမ်းဟောင်း တောင်ပေါ်လမ်းကနေအသွား လမ်းခရီးမှာ မတော်တဆ ယာဉ်တိမ်းမှောက် ချောက်ထဲကျခဲ့တာကြောင့် လူ ၆ ဦး နေရာတင်သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေတယ်လို့ မကွေးအခြေစိုက် မြေပြင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
မြန်မာနိုင်ငံ သဘင်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ယာဉ်ပေါ်မှာအဖွဲ့သူ၊ အဖွဲ့သား (၂၇) ဦးခန့် လိုက်ပါလာပြီး သေဆုံးသူ ဦးရေ (၁၂) ဦးခန့် ရှိကာ ထိခိုက်ဒဏ်ရာရမှုလည်း များပြားကြောင်း ထုတ်ပြန်ထားပေမယ့် မြေပြင်သတင်း တွေအရ ယာဉ်ပေါ်မှာ လူ ၂၂ ဦး လိုက်ပါလာပြီး ၆ ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးတယ်လို့ သိရှိရတာ ဖြစ်ပါတယ်။
မြေပြင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “၁၂ ဦးသေဆုံးတော့ မဟုတ်ဘူး။ ၆ ဦးပါ။ နောက်ပြီး သူတို့က တောင်ညိုလမ်းက သွားတာမဟုတ်ပါဘူး။ အရင်လမ်းဟောင်း ချောင်းနက်ဘက်က သွားတာပါ။ အဲ့ဒီဘက်မှာ ဖြစ်တာပါ။ ကျန်လူနာတွေလည်း မကွေးဆေးရုံကြီးမှာပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေနဲ့ အဆိုပါဖြစ်စဉ်ကို ကြားသိရလို့ လွန်စွာ စိတ်ထိခိုက်ကြေကွဲရပါကြောင်း ထုတ်ပြန်ထားသလို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှ ညတွင်းချင်း ကူညီမှုတွေ ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး မနက်ပိုင်းမှာလည်း အခင်းဖြစ်ပွားရာနေရာဆီ အမှုဆောင်တွေ ကိုယ်တိုင်သွားရောက်ကာ လိုအပ်တဲ့ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။






