သက်တံ့
၂၉. ၁. ၂၀၂၆
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံက ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံကပင် ဦးဆောင်သည့် ငြိမ်းချမ်း၍ ရေရှည်တည်တံ့သော အဖြေတစ်ခုရရှိစေရေး လမ်းကြောင်းသို့ လျှောက်လှမ်းရန် ၎င်းတို့၏ စုပေါင်းဆုံးဖြတ်ချက်ကို ထပ်လောင်းအတည်ပြုလိုက်ကြသည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ဇန်နဝါရီ ၂၈ ရက်ကကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM Retreat) နှင့်အတူ ပူးတွဲကျင်းပသော “အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC) အကောင်အထည်ဖော်မှုဆိုင်ရာ တိုးချဲ့ အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲ”တွင် ယခုကဲ့သို့ ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို အာဆီယံ ၂၀၂၆ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်းဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa P. Lazaro က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ဝန်ကြီး Lazaro က ၎င်း၏ X (ယခင် Twitter) လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြရာ၌ အဆိုပါ တိုင်ပင်ဆွေးနွေးပွဲအတွင်း အာဆီယံလုပ်ဖော်ကိုင်ဘက်များနှင့် စိတ်ဝင်တစား ဆွေးနွေးနိုင်ခဲ့ကြောင်းကို “ကျွန်မတို့ဟာ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသလို ရှေ့ဆက်ရမယ့် လမ်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာကပိုင်ဆိုင်ပြီး မြန်မာက ဦးဆောင်တဲ့ ငြိမ်းချမ်းတဲ့အဖြေကို ရှာဖွေဖို့ အာဆီယံရဲ့ စုပေါင်းဆုံးဖြတ်ချက်ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ GMA News Online သတင်းဌာနကလည်း မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် ဆွေးနွေးမှုများသည် “ကောင်းမွန်သော” ရလဒ်များရှိကြောင်း အရှေ့တောင်အာရှ သံတမန်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။
အဆိုပါသံတမန်က “အားလုံး အဆင်ပြေချောမွေ့ပါတယ်။ အထူးသဖြင့် ဝန်ကြီး Lazaro ရဲ့ အထူးသံတမန် အခန်းကဏ္ဍနဲ့ပတ်သက်ပြီး လူတိုင်းက ဝိုင်းဝန်းကူညီကြသလို ပူးပေါင်းဆောင်ရွက်မှုလည်း အားကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။
Lazaro သည် ယခုလအစောပိုင်းကလည်း မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
”အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်မှု တိုးတက်စေဖို့အတွက် ယခင် အာဆီယံအထူးသံတမန်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခြေခံပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Lazaro က မီဒီယာများသို့ ပြောကြားခဲ့သည်။
Ref: Bernama

