သက်တံ့
၂၉. ၁. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ငါးရက်မြောက်နေ့အဖြစ် ဗုဒ္ဓဟူးနေ့တွင် ဆက်လက်လုပ်ဆောင်ခဲ့ရာ သေဆုံးသူရုပ်အလောင်း စုစုပေါင်း ၅၃ လောင်းအထိ ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြေသားမခိုင်ခန့်မှုများကြားမှ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေရခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီ ၂၄ ရက်) အစောပိုင်းက အနောက်ဘန်ဒေါင်းခရိုင် (West Bandung regency)၊ စီဆာရူအာဒေသ (Cisarua region) တွင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှု နှစ်ရက်ကြာဖြစ်ပွားပြီးနောက် မြေပြိုမှုကြောင့် နေအိမ်ပေါင်း ဒါဇင်နှင့်ချီ၍ မြေစာနှင့် ရွှံ့နွံများအောက်တွင် နစ်မြုပ်ခဲ့ပြီး လူသေဆုံး၊ ပျောက်ဆုံးမှုများစွာဖြစ်ပွားခဲ့သည်။
အင်ဒိုနီးရှား အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) ၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်း ၅၃ လောင်းအနက် ၃၅ လောင်းကို ရဲတပ်ဖွဲ့၏ ဘေးအန္တရာယ်ဆိုင်ရာ သေဆုံးသူ ခွဲခြားသတ်မှတ်ရေးအဖွဲ့ (DVI) က မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးဖြစ်ကြောင်း သိရသည်။
BNPB အကြီးအကဲ Suharyanto က မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေရသည့်အပြင် မြေပြင်တွင် လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးသမားများအတွက်လည်း အန္တရာယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးကို အထောက်အကူပြုရန်အတွက် အေဂျင်စီက မိုးရွာသွန်းမှု လျော့နည်းစေရန် မိုးလေဝသ ပြုပြင်ပြောင်းလဲရေး (Weather Modification) နည်းပညာကို အသုံးပြုခဲ့သော်လည်း မိုးမှာ လုံးဝရပ်တန့်သွားခြင်းမရှိသေးကြောင်း ဘေးသင့်ဒေသသို့ ဒုတိယအကြိမ်မြောက် သွားရောက်စဉ် ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော် ရာသီဥတု ကောင်းမွန်သည့်အချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များက စက်ယန္တရားကြီးများနှင့် အနံ့ခံခွေးများအသုံးပြုကာ ရှာဖွေရေးကို အရှိန်မြှင့်လုပ်ဆောင်နေသည်။
ဖြစ်စဥ်အတွင်း အနည်းဆုံး နေအိမ် ၄၈ လုံး ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ကျန်ရှိနေအိမ်များကိုလည်း ဘူမိဗေဒဆိုင်ရာ အန္တရာယ်ရှိ/မရှိ ဆန်းစစ်ကာ ပြောင်းရွှေ့နေရာချထားရန် စီစဉ်နေသည်။
သေဆုံးသူ မိသားစုများအား လူမှုဝန်ထမ်းဝန်ကြီးဌာနက နစ်နာကြေးများ ပေးအပ်ထားပြီး နေအိမ်ပျက်စီးသွားသူများအတွက် ယာယီနေထိုင်ရေး အကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် တောင်ထူထပ်ပြီး မြေသားမခိုင်ခန့်သည့် ဒေသများပြားသဖြင့် မိုးရာသီကာလတွင် မြေပြိုမှုဘေးအန္တရာယ်နှင့် မကြာခဏ ရင်ဆိုင်ရလေ့ရှိသော နိုင်ငံတစ်ခုဖြစ်သည်။
Ref: Xinhua




