သတိုး
၂၉. ၁. ၂၀၂၆
မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွင် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ဦးစီးလုပ်ကိုင်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မြီ (Ming) မိသားစုဝင် ၁၁ ဦးကို တရုတ်အစိုးရက ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် တရားရုံးတစ်ခုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက လူသတ်မှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ လိမ်လည်မှုနှင့် လောင်းကစားရုံများ ထောင်ထားမှုအပါအဝင် ရာဇဝတ်မှုအမျိုးမျိုးဖြင့် ၎င်းတို့ကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
◾️ လောက်ကိုင်မြို့၏ အမှောင်ဘုရင်များ
မြီမိသားစုသည် လောက်ကိုင်မြို့ကို ထိန်းချုပ်ထားသည့် အဓိကသြဇာကြီး မိသားစုများထဲမှ တစ်ခုဖြစ်ပြီး နွမ်းပါးသော နယ်စပ်မြို့လေးကို ကာစီနိုရုံများနှင့် အနှိပ်ခန်းများဖြင့် ပြည့်နှက်နေသည့် ခေတ်မီမြို့အဖြစ် ပြောင်းလဲကာ ကျားဖြန့်လိမ်လည်မှုလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သည့် မြီရှောက်ချန်း (Ming Xuechang)၊ မြီကော်ဖျင်း (Ming Guoping)၊ မြီကျွီလန် (Ming Julan) နှင့် မြီကျိန်းကျိန်း (Ming Zhenzhen) တို့ကို အရေးယူရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ကိုးကန့်ဒေသတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တရားခံများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

◾️ ကျားဖြန့်ဂိုဏ်းများအတွက် သတိပေးချက်
ယခုကွပ်မျက်မှုမှတစ်ဆင့် တရုတ်အစိုးရသည် နောင်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ထောင်မည့်သူများကို ပြင်းထန်သော သတိပေးချက် ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် တရုတ်၏ သြဇာလွှမ်းမိုးမှု နည်းပါးသည့် မြန်မာ-ထိုင်းနယ်စပ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။
ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြန်မာနှင့် အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူပေါင်း သိန်းနှင့်ချီ၍ လူကုန်ကူးခံထားရပြီး အတင်းအဓမ္မ စေခိုင်းခံနေရသည်။ ယင်းလိမ်လည်သူများတွင် တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ ပါဝင်နေသကဲ့သို့ ငွေကြေးဘီလျံနှင့်ချီ၍ အလိမ်ခံရသူများမှာလည်း တရုတ်နိုင်ငံသားများသာ ဖြစ်သည်။
◾️ ကျန်ရှိနေသည့် ဂိုဏ်းခေါင်းဆောင်များ၏ ကံကြမ္မာ မြီမိသားစုဝင် ၁၁ ဦးသည် တရုတ်၏ ကွပ်မျက်ခြင်းခံရသည့် ပထမဆုံးသော မြန်မာကျားဖြန့်ဂိုဏ်းချုပ်များ ဖြစ်သော်လည်း နောက်ဆုံးတော့ မဟုတ်နိုင်ပေ။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ပယ်ဆောက်ချိန် (Bai Suocheng) အပါအဝင် မိသားစုဝင် ၅ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကာ ဝေ (Wei) မိသားစုနှင့် လျူ (Liu) မိသားစုတို့၏ အမှုများကိုလည်း ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။
တရုတ်တရားရုံး၏ ထုတ်ပြန်ချက်အရ မြီမိသားစုသည် ၂၀၁၅ မှ ၂၀၂၃ အတွင်း ကျားဖြန့်ရာဇဝတ်မှုများမှ ယွမ် ၁၀ ဘီလျံခန့် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်) ရှာဖွေနိုင်ခဲ့သည်။ ထိုကာလအတွင်း တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ မြီဂိုဏ်းမှအခြားမိသားစုဝင် ၂၀ ကျော်ကိုလည်း ထောင်ဒဏ် ၅ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ထားသည်။ မိသားစုအကြီးအကဲ မြီရှောက်ချန်းမှာမူ ၂၀၂၃ ခုနှစ်က ဖမ်းဆီးခံရမည့်ဆဲဆဲတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း ထိုစဉ်က အစိုးရက ထုတ်ပြန်ခဲ့သည်။
◾️ Crouching Tiger Villa မှ အကြမ်းဖက်မှုများ
မြီမိသားစုသည် ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် တပ်မတော်၏ စစ်ဆင်ရေးဖြင့် ယခင်ကိုးကန်လက်နက်ကိုင်ခေါင်းဆောင် ဖုန်ကျားရှင်ကို ဖြုတ်ချပြီးနောက် လောက်ကိုင်တွင် အာဏာရလာခဲ့ခြင်းဖြစ်သည်။ မိသားစုအကြီးအကဲ မြီရှောက်ချန်းသည် လောက်ကိုင်ရှိ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး Crouching Tiger Villa ကျားဖြန့်စခန်းကို တည်ထောင်ခဲ့သူဖြစ်သည်။

အစပိုင်းတွင် လောင်းကစားနှင့် ပြည့်တန်ဆာလုပ်ငန်းများဖြင့် အခြေချခဲ့သော်လည်း နောက်ပိုင်းတွင် လူပြန်ပေးဆွဲကာ အတင်းအဓမ္မ စေခိုင်းသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများသို့ ကူးပြောင်းလာခဲ့သည်။ ထိုစခန်းများအတွင်း ရိုက်နှက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများသည် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေကြောင်း လွတ်မြောက်လာသူများက ထွက်ဆိုထားကြသည်။
Ref: BBC
