၂၉. ၁. ၂၀၂၆
Written by Nyein Kyaw
မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ မည်သည့် ရှော့တိုက်ဒုံးမှ ကျရောက်ပေါက်ကွဲမှုမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ပြည်ပရောက် Exile မီဒီယာများက ယင်းနေ့ မွန်းလွဲပိုင်းက ရေးသားဖော်ပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုများအပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့က “မည်သည့် ရှော့တိုက်ဒုံးမှ ကျရောက်ပေါက်ကွဲမှုမရှိပါ။ သတင်းအမှားသာ ဖြစ်ပါတယ်ခင်ဗျာ” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင်လည်း မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်ပရောက် Exile မီဒီယာများက မဟုတ်မမှန် ရေးသားဖော်ပြခဲ့ကြသည်။
