၂၃.၆.၂၀၂၅
Written by Thiri
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်စဉ် သုံးလတာကာလအတွင်း မန္တလေးမြို့မှာ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စားသောက်ဆိုင်နဲ့ လက်လီအရောင်းဆိုင်အများစု ပြန်လည် လည်ပတ်လာနေပြီဖြစ်ပေမယ့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအပါအဝင် တစ်နိုင်တစ်ပိုင်ထုတ်လုပ်တဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့တော့ အရှိန်ယူရမယ့် အခြေအနေဖြစ်နေပြီး ကာလအပိုင်းအခြားအရ နောက်ထပ်တစ်နှစ်နီးပါးလောက် ကြာမြင့်နိုင်ဦးမယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာသုံးသပ်သူက သူ့အမြင်ကိုပြောပါတယ်။
လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုက သုံးလပြည့်မှာလည်း ဖြစ်ပါတယ်။ လှုပ်ခတ်မှုအပြီး သုံးလတာကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ အဓိကစီးပွားရေးမြို့တော် မန္တလေးမြို့အတွက်ကတော့ နေရေးနဲ့ စားရေးကို အဓိကဦးတည်နေရပြီး စီးပွားရေးလုပ်ငန်းတွေကတော့ ပြန်လည်ရုန်းထဖို့က အနည်းဆုံး ဆယ်စုနှစ်တစ်ခုတော့ ကြာမြင့်နိုင်မယ်လို့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူက ဆိုပါတယ်။
မြန်မာ့စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က “မန္တလေးမြို့က လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ပြောင်းလဲလာတယ်။ မန္တလေးမြို့သားတွေရဲ့ လက်ထဲကစီးပွားရေး ရေသောက်မြစ် အပါအဝင် နေရာထိုင်ခင်းကမှ အစပေါ့။ တရုတ်တွေ ဝင်လာတယ်။ အခုလို သဘာဝဘေး၊ စစ်ဘေးတွေလည်းဖြစ်ရော သူတို့က အကုန်ပိတ်ပြီး တရုတ်ပြည်ကိုပြန်ကြရော။ ဒါလည်း တစ်ချက်။ နောက် ၁၀၂၇ စစ်ဆင်ရေးတွေ စတော့လည်း စီးပွားရေးက ထိခဲ့တယ်။ မန္တလေးရဲ့ စီးပွားရေးက အဲ့ဒီကတည်းက ကျသွားတာပါ။ အခုငလျင်ကြောင့် အရင်ကလို ပိုနေမြဲ ကျားနေမြဲ အနေအထားကနေ ပျက်စီးတဲ့ဆီပါ ရောက်သွားတော့ မြန်မာပြည်အလယ်ပိုင်းစီးပွားရေးက ပြန်လည်ထူထောင်နိုင်ဖို့ အမြန်ဆောင်ရွက်ရမှာပါ။ မန္တလေးထိရင် ရန်ကုန်လည်း တဖြည်းဖြည်းနဲ့ ထိလာမှာပဲ။ သူရုန်းထဖို့ကြာလေ ရန်ကုန်လည်း ယိုင်လာလေဖြစ်မယ်’’ လို့ MT Newsကို ပြောပါတယ်။
ခက်ခက်ခဲခဲရုန်းထရမယ့်အထဲ ငလျင်ကြောင့် အထိအနာဆုံးမြို့ဖြစ်တဲ့ မန္တလေးရဲ့ ဒေသတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းငယ်တွေ ဘယ်လိုပြန်လည်ရုန်းကန်မလဲဆိုတာလည်း လေ့လာစောင့်ကြည့်သူတွေက စိတ်ပူနေကြပါတယ်။ MSME လုပ်ငန်းတွေအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ချေးငွေတွေ အတိုးနှုန်းသက်သာစွာနဲ့ ဆောင်ရွက်ပေးမှာဖြစ်ပြီး ငလျင်ဘေးသင့်ဒေသက အရင်းအနှီးလိုအပ်သူတွေအတွက် ကျပ်ဘီလျံ ၇၀၀ အထိ ထုတ်ချေးပေးဖို့ လျာထားကြောင်း ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူတွေ စိတ်ပူမိတဲ့အချက်က အဲဒီချေးငွေကို ဘယ်လိုအစီအစဉ်နဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းငယ်တွေဆီ ရောက်အောင်ဆောင်ရွက်မလဲဆိုတဲ့ အချက်လို့ ဆိုပါတယ်။ ပြည်တွင်း MSME တွေမှာ အများစုက လုံးဝကိုမိရိုးဖလာတွေပါ။ ဘဏ်ချေးငွေတွေ မယူကြဘူး။ အစိုးရချေးငွေလည်း မလျှောက်ကြပါဘူး။ အကြောင်းအရင်းခံက ပညာရေးအားနည်းတာ၊ နောက်ပြီး ရှုပ်ထွေးတဲ့အဆင့်ဆင့်သော စာရွက်စာတမ်းဆောင်ရွက်မှုတွေက နိုင်ငံတော်ကပေးတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့တွေနဲ့ သူတို့ကို အလှမ်းဝေးသွားစေတာပါ။ ဒါကြောင့်လည်း မြေပြင်မှာတကယ်ဆောင်ရွက်နေရတဲ့ MSME လုပ်ငန်းတွေက တိုးတက်မလာဘဲ မိသားစု စီးပွားဖြစ်ရုံအခြေအနေနဲ့သာ လည်ပတ်နေကြတာလည်း ဖြစ်ပါတယ်။
ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေလေ့လာဆောင်ရွက်နေသူ Developer တစ်ဦးဖြစ်တဲ့ ဒေါ်စုစုလှိုင်က “တိုင်းဒေသကြီးတွေကနေတစ်ဆင့်ပြန်လည်ထူထောင်ရေးအတွက်ကို ဗဟိုကနေပြီး ဘီလျံနဲ့ချီ ချပေးမယ်ဆိုတာလည်းကြားပေမယ့် တိုင်းဒေသကြီးတွေကနေ ဘယ်လိုအချက်အလက်ကောက်ယူပြီး ဘယ်လိုစနစ်တွေနဲ့ ဖြန့်ဝေမလဲ ဆိုတာတွေပေါ့။ ဒေသတွင်းစီးပွားရေးတွေ ပြန်လည်နိုးထလာအောင် ပြန်လည်လှုံ့ဆော်ဖို့။ ဒါက ထင်သာမြင်သာရှိတဲ့အပိုင်းလေ။ ထင်သာမြင်သာမရှိတဲ့ စိတ်ပိုင်းဆိုင်ရာပြိုလဲမှုတွေကလည်း ပြန်လည်နိုးထဖို့ကို တော်တော်ခက်နေသေးတာ။ တိုင်းဒေသကြီးတွေရဲ့ Project အလိုက် ဘယ်လိုလုပ်ကိုင်သွားမလဲဆိုတာလည်း အခုထိတော့ ရပ်ထဲရွာထဲလည်း မကြားရသေးဘူးပေါ့” လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိတော့ ပြည်သူ့အင်အားနဲ့လှူတာ၊ ကူတာတွေ အိတ်ထဲကစိုက်ထုတ်လုပ်ကိုင်နေကြပေမယ့် ရေရှည်အတွက်က နိုင်ငံတော်ရဲ့ ထိရောက်တဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေနဲ့သာ ဆောင်ရွက်ကြရမှာလည်းဖြစ်တယ်လို့ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်သူက ဆိုပါတယ်။ နစ်နာမှုအရေးတွေက မြန်မာ့အရေးအပြီး ကမ္ဘာ့အရေးကလည်း ထပ်မံပေါ်ပေါက်လာကာ ကိစ္စရပ်တွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာလို့ ဆိုရမလိုဖြစ်နေတာပါ။
နိုင်ငံတော်က ပြန်လည်တည်ဆောက်ရေးတွေဆောင်ရွက်ဖို့ရာမှာလည်း အကျပ်အတည်းကရှိနေလို့ အကန့်အသတ်ကရှိနေပြန်ပါတယ်။ နိုင်ငံရဲ့ ကျဆင်းနေတဲ့ GDP ၊ မျှော်ကိုးရမယ့်နိုင်ငံတကာက အကူအညီ ဒါတွေမှာလည်း ပြည်သူ့အစိုးရတစ်ရပ်မပေါ်ပေါက်သေးတာက အဓိကအဟန့်အတားတစ်ရပ်ဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာသူတချို့က ဆိုပါတယ်။
“အခု ILO က စောင့်ကြည့်နေတဲ့ Article 33 တို့ လိုမျိုးတွေ အပါအဝင်ပေါ့လေ။ အပူတွေဆင့်နေတာပေါ့။ မြန်မာ့အရေးမှာနှစ်ဖွဲ့ကွဲနေတော့ တစ်ဖက်က နစကကို မလိုလားတဲ့အုပ်စုဆီကလည်း အမျိုးစုံအဟန့်အတားဖြစ်ရေးလုပ်ဆောင်နေကြတဲ့အခါမှာ နိုင်ငံတကာက အထောက်အပံ့တွေ လာရင်လည်း နစကလက်ထဲပဲ ရောက်မှာပဲ ဆိုတာမျိုးတွေနဲ့ မျိုးစုံကန့်ကွက်မှုတွေ အဟန့်အတားဖြစ်အောင် အားထုတ်ကြတာတွေ။ ဒါတွေကရွေးကောက်ပွဲတစ်ရပ်ပေါ်ပေါက်လာပြီး ပြည်သူ့အစိုးရတစ်ရပ်ပေါ်ထွက်လာရင်လည်း ဒါတွေက ဖြေရှင်းသားဖြစ်သွားမယ့် အခြေအနေတွေပဲ”လို့ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က MT News ကို ပြောပါတယ်။


