၂၃.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်လေတပ်က အီရန်နိုင်ငံရဲ့ နျူကလီးယားအဆောက်အအုံသုံးခုကို ဒေသစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့အပြီးမှာတော့ အမေရိကန်သမ္မတ ထရန့်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ အီရန်လွှတ်တော်ကလည်း ဇွန်လ ၂၂ ရက်မှာ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့မှုပြုဖို့ ဆောင်ရွက်ဖို့ကို အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
ဟောမုဇ်ရေလက်ကြားက အီရန်နိုင်ငံနဲ့ အိုမန်နိုင်ငံတို့ကြားမှာရှိပြီး ဒီရေလက်ကြားကို ပိတ်ဆို့လိုက်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံတွေအတော်များများအတွက်ရော၊ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအတွက်ပါ စိုးရိမ်ဖွယ်ရာ ရှုပ်ထွေးပတ်သက်မှုတွေရှိလာမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း အီရန်အစိုးရကို ဒီလိုမပြုလုပ်ဖို့နဲ့ ဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေသလို ဖြစ်နေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ရူဘီယိုက အီရန်ရဲ့ရေနံကို အဓိက ဝယ်ယူတဲ့ တရုတ်နိုင်ငံကိုလည်း အီရန်အစိုးရကို ဟောမုဇ်ရေလက်ကြား မပိတ်ရေး တွန်းအားပေးဖို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အဓိက ရေနံတင်ပို့တဲ့နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ အိုမန် စတဲ့နိုင်ငံတွေရဲ့ ရေနံတင်ပို့မှုမှာ ဟောမုဇ်ရေလက်ကြားက အဓိကကျပါတယ်။ တစ်နေ့ကို ရေနံစိမ်းလီတာ သန်း ၂၀ ခန့် ဒါမှမဟုတ် ကမ္ဘာ့ရေနံသုံးစွဲမှုရဲ့ ၂၀ ရာခိုင်နှုန်းက ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းတင်ပို့နေတာပါ။
အာရှဈေးကွက်တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ရဲ့ လိုအပ်မှု ၈၀ ရာခိုင်နှုန်းကိုလည်း ၂၀၂၄ ခုနှစ်မှာ ဟောမုဇ်ရေလက်ကြားကိုဖြတ်ပြီး တင်ပို့နေတာပါ။ အမေရိကန်အဖို့လည်း ရေနံတင်သွင်းမှုမှာထိခိုက်မှုတွေ ရှိလာတော့မှာပါ။
အီရန်အစိုးရရဲ့ ခုလို ဟောမုဇ်ရေလက်ကြားကို ပိတ်မယ်လို့ ခြိမ်းခြောက်လာမှုက သူ့ရဲ့ နာတန့်ဇ်၊ အစ်စဖါဟန်နဲ့ ဖေါ်ဒိုးဒေသတွေမှာရှိတဲ့ နျူကလီးယားအဆောက်အအုံတွေကို အမေရိကန်က ဒေသစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာကို ပြန်လည်တုံ့ပြန်လာမှုပါ။ ဒီတိုက်ခိုက်မှုမှာ အမေရိကန်သမ္မတ ထရန့်ကတော့ ကြီးမားတဲ့အောင်မြင်မှု ရတယ်လို့ဆိုခဲ့ပေမယ့် ဒီအဆောက်အအုံတွေ ဘယ်ထိပျက်စီးသွားလဲ ဒါမှမဟုတ် အီရန်ရဲ့နျူကလီးယားအစီအစဉ် ဘယ်လောက်ထိနှောင့်နှေးသွားစေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမယ့် အီရန်ရဲ့ ခြိမ်းခြောက်မှုနဲ့အတူ ရေနံဈေးနှုန်းတွေကတော့ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
Ref- The Hill
