၂၃. ၆. ၂၀၂၅
Written by Thettant
နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ပို့စ်မော်ဒန်စာရေးဆရာ ငြိမ်းအေးအိမ်မှာ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
“ကျနော်တိုချစ်သောကိုငြိမ်း (ငြိမ်းအေးအိမ်)ဆုံးပြီတဲ့ ဝမ်းနည်းကြေကွဲရပါသည်”ဟု စာရေးဆရာ သစ္စာနီက လူမှုကွန်ရက်တွင် နှုတ်ဆက်ဝမ်းနည်းစကားဆိုသည်။
ငြိမ်းအေးအိမ်သည် မြန်မာပို့စ်မော်ဒန် စာရေးဆရာတစ်ဦးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပါတီဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့သည်။ ၁၉၈၉ နောက်ပိုင်း ငြိမ်းချမ်းရေးရပြီးနောက် မြို့ပေါ်သို့ပြန်ရောက်လာခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေးတပ်ဖွဲ့ N.D.A (Kachin) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်ခဲ့ဖူးသည်။
ထို့အပြင် မြန်မာ့ပို့စ်မော်ဒန်စာပေခေတ်ဦးတွင် ထွက်ရှိခဲ့သော သရဖူမဂ္ဂဇင်း၏ အယ်ဒီတာချုပ်၊ ထုတ်ဝေသူတစ်ဦးလည်း ဖြစ်သလို ၂၀ဝ၄ ခုနှစ်တွင် မြန်မာအီးဘုခ်အဖွဲ့မှ အင်တာနက်စာမျက်နှာများတွင် အခမဲ့အီးဘုခ်အဖြစ် ဖြန့်ဝေခဲ့သော “အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်” ဝတ္ထုဖြင့် ပိုမိုလူသိများခဲ့သည်။ ထို့အပြင် အက်ဆေး၊ ၀တ္ထုတို ဆယ်အုပ်ကျော်ကိုလည်း ထုတ်ဝေခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် ၆၉ နှစ်ရှိနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် လေဖြန်းသဖြင့် ဆေးရုံတက်ရာမှ ကင်ဆာရောဂါဖြစ်နေသည်ကို သိရှိခဲ့ရသည်။
ထို့နောက် ကင်ဆာဆေးများ ၁၀ ကြိမ်သွင်းပြီးနောက် “၁၁ ကြိမ်မြောက် ဆေးရုံ ထပ်တက်ခွင့်ရရင်တော့ ၁၁ မီးငြိမ်းပြီထင်ပါရဲ့။ တစ်ခန်းရပ်ပြဇာတ်ပြီးချိန်၊ ကစားပွဲတစ်ခုရဲ့ ဂိမ်းပွိုင့်ရောက်ချိန်ပေါ့”ဟု ဇွန်လ ၂ ရက်က ရေးသားပြီးနောက် ကွယ်လွန်ခဲ့သည်။


