၂၃. ၆. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံရှိ အခြေအနေများ ပိုမိုဆိုးရွားလာမှုကို အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက ကိုင်တွယ်ဖြေရှင်းရန် အာဆီယံနှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုမှုသည် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သက်သာစေရန်နှင့် နိုင်ငံအတွင်း ရေရှည်ငြိမ်းချမ်းရေးကို ပံ့ပိုးရန်တို့အပေါ် အဓိကရည်ရွယ်တောင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကျင်းပသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်ဆလင်များဆိုင်ရာ OIC ဆက်သွယ်ရေးအဖွဲ့ အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ခ်ဆရီ မိုဟာမက် ဟာဆန်က မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ အခြေအနေ၊ အထူးသဖြင့် နေရပ်စွန့်ခွာရသည့် ဘင်္ဂါလီများ၏ ဒုက္ခများအပေါ် အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ ရခိုင်ပြည်နယ်သို့ လုံခြုံ၊ ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့သော ပြန်လည်ဝင်ရောက်ရေးကို သေချာစေရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ဆိုးရွားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ် အတည်း ဖြစ်ပေါ်ခဲ့ပြီးနောက် ထိခိုက်ခံစားရသည့် ရပ်ရွာအားလုံးသို့ အချိန်မီနှင့် ထိရောက်စွာ အကူအညီများ ဖြန့်ဝေနိုင်ရန် လုံခြုံစိတ်ချရပြီး အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင် ဖန်တီးရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကို အဓိကလုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ဟာ အဓိကဦးစားပေး သုံးရပ်ကို သတ်မှတ်ထားပြီး အဲဒါတွေကတော့ ပြည်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို မြှင့်တင်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်စဲဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ဖို့တို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“မလေးရှားက OIC အဖွဲ့ဝင်နိုင်ငံတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို ပံ့ပိုးနိုင်ဖို့အတွက် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သက်သာစေဖို့ အဓိကထားပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဟာဆန်က မလေးရှားနိုင်ငံသည် အာဆီယံအထူးကိုယ်စားလှယ် တန်ဆရီ အော့စ်မန်ဟာရှင်မ်မှတစ်ဆင့် သက်ဆိုင်သူအားလုံးနှင့် ပြည်သူအားလုံးပါဝင်သည့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် လက်ရှိတွင် မြန်မာနိုင်ငံ၌ သက်ဆိုင်သူ အများအပြားရှိနေသည်ဟု ဆိုသည်။
ထိုသို့ ပြည်သူအားလုံးပါဝင်သည့် ဆက်ဆံရေးသည် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဟု ၎င်းက ဆိုသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံက OIC ဆက်သွယ်ရေးအဖွဲ့နဲ့ ကျွန်တော်တို့ရဲ့ အထူးကိုယ်စားလှယ်ကို ငြိမ်းချမ်းပြီး ပြည်သူအားလုံးပါဝင်တဲ့ ဖြေရှင်းချက်ကို ပံ့ပိုးရာမှာ ပိုမိုအားဖြည့်ပေးနိုင်မယ့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကို ဖော်ထုတ်ပေးဖို့ လိုလားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပွားခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ မိုဟာမက်က ပါတီအားလုံးကို ပိုမိုရေရှည်တည်တံ့သော အပစ်အခတ် ရပ်စဲရေးဆီသို့ ဦးတည်သွားရန်နှင့် အကျပ်အတည်းကို ရေရှည်တည်တံ့သော ဖြေရှင်းချက်ဆီသို့ စုပေါင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
လက်ရှိတွင် ပဋိပက္ခဖြစ်ပွားနေသည့် ဘက်အသီးသီးက တစ်ဖက်သတ် ယာယီအပစ်အခတ်ရပ်စဲရေးကို ကြေညာထားသည်ဟုလည်း ၎င်းက ဆိုသည်။
“ဒီလို အားတက်ဖွယ်ရာ တိုးတက်မှုတွေ ရှိနေပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အားထုတ်မှုတွေအတွက် ရန်ပုံငွေက လွန်စွာမလုံလောက်သေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သလို“ကျွန်တော်တို့က OIC အဖွဲ့ဝင်တွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ထောက်ပံ့ဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ဆက်လက်တိုက်တွန်းသည်။
မလေးရှားနိုင်ငံသည် မြန်မာ့ငလျင်ဘေးအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများပါဝင်သော လူသားချင်းစာနာထောက်ထားမှု အကူအညီ တန် ၃၀ ကို ပေးအပ်ခဲ့သည်။ ငလျင်အပြီး ချက်ချင်းဆိုသလို ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် စစ်ကိုင်းမြို့တွင် မလေးရှား ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအထူးအဖွဲ့ (SMART) ကို စေလွှတ်ခဲ့ပြီး ကွင်းဆင်းဆေးရုံတစ်ခုကို တည်ထောင် အကူအညီပေးခဲ့သည်။
Ref, malaymail
