၂၃.၆.၂၀၂၅
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှုကို များစွာရရှိလာတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ Family Drama ဇာတ်လမ်းပုံစံ “ငြိုး”ဇာတ်လမ်းတွဲမှာ အကုန်လုံးကို ပတ်မွှေထားတဲ့ Psycho ဆန်တဲ့ ဆူးဆိုတဲ့ကောင်မလေးနေရာပါဝင်ထားလို့ ပရိသတ်မမုန်းဖို့ကြိုတောင်းပန်ချင်ပါတယ်လို့ ဆိုပါတယ်။
“ငြိုး ဇာတ်ညွှန်းကို ဖတ်ပြီးချိန် ဆူး ကာရိုက်တာကို အရမ်းကြောက်သွားခဲ့တယ်။ ဆူး ကာရိုက်တာက တု တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာဖြစ်တယ်။ တစ်ခါမှလုပ်ဖူးတော့ လုပ်နိုင်ပါ့မလား။ တုအိမ်ကအဖေနဲ့ အမေကရော ဒီကာရိုက်တာကို လက်ခံပါ့မလားဆိုတဲ့ အတွေးဖြစ်ခဲ့တယ်။ ဘယ်လိုဖြစ်ဖြစ် ဆူးဆိုတဲ့ ကောင်မလေးနေရာကို လုပ်ကြည့်မယ်ဆိုပြီး သရုပ်ဆောင်ခဲ့တာ။ ရိုက်လိုက်ရင် ချစ်စရာကောင်းတာလေးတွေ သွက်သွက်လက်လက်လေးတွေပဲများနေတော့လေ။ ယဉ်ယဉ်ကျေးကျေး ကောင်မလေးနေရာပဲ ရိုက်နေကြမို့ တစ်ခေါက်လောက်တော့ အမြင်ပြောင်းသွားအောင် ဆူးကာရိုက်တာ လက်ခံလိုက်တာပါ။ တစ်ကားလုံးမှာ ပတ်မွှေထားတဲ့ ဆူးကာရိုက်တာနဲ့ ရိုက်ဖြစ်လိုက်တာပါ”လို့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ စနိုးမိုင်လီက သူမအပြင် သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ ဖုန်းသီရိကျော်၊ ဝေဖြိုး၊ နန်းအိန္ဒြေ၊ ဟိန်းရွိုင်ရယ်လ်၊ ကလေးသရုပ်ဆောင် ဘုန်းမြတ်မင်းစံ စတဲ့သူတွေနဲ့ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
“တုက နေ့ကလေးထိန်းကောင်မလေး Nurse တစ်ယောက် နေရာကပေါ့။ လုပ်ငန်းတစ်ခုတော့ နှိမ့်ချရိုက်တာ မပါပါဘူး။ မော်ကွန်းသစ်ကို အရမ်း Crush တဲ့ ကောင်မလေးပါ။ ဒါရိုက်တာရဲ့ ဆုံးဖြတ်ချက်အတိုင်း ရိုက်ဖြစ်တာပါ။ မော်ကွန်းသစ်တို့ ဇနီးမောင်နှံတွေ ချစ်ကျွမ်းဝင်နေတာကို ကြည့်ပြီး Psycho ဖြစ်ပြီး သူ့မိန်းမနေရာ အစားဝင်ပြီး ဖြစ်ချင်တဲ့ Mood ရအောင်လုပ်ရတာ ရှက်ဖို့ကောင်းပါတယ်။ ရှက်နေရင် ခဏခဏ ပြန်ရိုက်ရမှာ စိုးလို့ ကာရိုက်တာ ပီပြင်အောင်တော့ မုဒ်ထည့်ပြီးလုပ်ခဲ့ရတယ်။ ဒါရိုက်တာတွေ တခြားရိုက်ကူးသမားတွေရှေ့မှာ ကိုယ် Feel တက်တဲ့အခန်းတွေ ရိုက်ရတာ အရမ်းရှက်တာပဲ။ မုဒ် အရမ်းဝင်သွားလို့ ပြန်မကြည့်ရဲလောက်အောင်ထိပါပဲ။ တုကို မုန်းတာထက် ချစ်ကြမယ်လိုလည်းမျှော်လင့်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။
“ငြိုး” ဇာတ်လမ်းတွဲကို ဇွန် ၂၁ ရက်နေ့ကစပြီး အပတ်စဥ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီမှာ M Entertainment Channel၊ Be Bee TV မှာ ထုတ်လွှင့်ပြသနေပြီလည်း ဖြစ်ပါတယ်။
#ayechanmaung #hsaungwuttyimay #phonethirikyaw #waiphyo #naneaindray #MEntertainmentChannel #BeBeeTV
#ငြိုး #nyoe #familydrama






