၂၃.၆.၂၀၂၅
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံ၊ မြို့တော်ဒမတ်စကပ်အတွင်း Mar Elias ဂရိခ်အော်သိုဒေါ့စ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့က ဆုတောင်းဝတ်ပြုသူတွေနဲ့ ပြည့်နှက်နေစဉ်မှာ အသေခံဗုံးခွဲသူတစ်ဦးက ဖောက်ခွဲရေးအင်္ကျီတစ်ခုကို ဖောက်ခွဲမှုပြုလုပ်ပြီး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး တခြား ၆၃ ဦး ဒဏ်ရာရခဲ့ကြတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အကြမ်းဖက်အသေခံ ဗုံးခွဲတိုက်ခိုက်မှုက ဒမတ်စကပ်မြို့ အစွန်အဖျားမှာရှိတဲ့ Mar Elias ဘုရားရှိခိုးကျောင်းအတွင်းဘက်မှာ ဖြစ်ခဲ့တာလို့ SANA သတင်းဌာနက ပြောခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ခုလို ဘုရားရှိခိုးကျောင်းတစ်ခုအတွင်း အကြမ်းဖက်တိုက်ခိုက်မှုက နှစ်ပေါင်းအတန်ကြာ ကာလအတွင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အာဏာရှင်ခေါင်းဆောင်ဟောင်းလို့ ဆိုကြတဲ့ သမ္မတဟောင်းဘရှာ အယ်လ်အာဆတ်ကို ၂၀၂၄ ခုနှစ်မှာ ဖြုတ်ချခဲ့ပြီးနောက် လက်ရှိသမ္မတ အာမက်အယ်လ်ရှာရာ အနေနဲ့လည်း နိုင်ငံတစ်ဝန်းလုပ်ပိုင်ခွင့်အာဏာတည်မြဲဖို့အတွက် ကြိုးစားနေရသလို စစ်ဒဏ်ခံနေရတဲ့နိုင်ငံအတွင်း အစွန်းရောက်အုပ်စုတွေရဲ့ လျှို့ဝှက်လူတွေ တည်ရှိနေမှုကိုလည်းစိုးရိမ်နေရပါတယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုအတွက် ဘယ်အုပ်စုကမှတော့ သူတို့ရဲ့လက်ချက်လို့ မပြောကြားကြသေးပါဘူး။ ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နိုရက်ဒိုင် အယ်လ်ဘာဘာကတော့ ရှေးဦးစုံစမ်းထောက်လှမ်းချက်တွေအရ အစွန်းရောက်အစ္စလာမ္မစ်နိုင်ငံအုပ်စု(Islamic State Group) ရဲ့လက်ချက်လို့ သတင်းစာရှင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ ဝန်ကြီးဌာနက အသေခံအကြမ်းဖက်သမားတစ်ဦးဟာ ဘုရားရှိခိုးကျောင်းထဲကို ဝင်လာပြီး သူ့ရဲ့ ဖောက်ခွဲရေးကိရိယာတွေနဲ့ ပါဝင်ဆက်သွယ်ထားတဲ့ ဖောက်ခွဲရေးအင်္ကျီကို ဖောက်ခွဲမှုမပြုမီ လူတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆီးရီးယားပြန်ကြားရေးဝန်ကြီး ဟမ်ဇာမိုစတာဖာကလည်း ဒီတိုက်ခိုက်မှုက အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ဖြစ်တယ်လို့ ပြောကြားကာရှုတ်ချမှုပြုခဲ့ပါတယ်။ သူက ဒီလိုဘာသာရေးဆိုင်ရာဝတ်ပြုဆုတောင်းတဲ့နေရာက ဘေးကင်းစိတ်ချရမှု အရှိဆုံးနေရာလို့ဆိုရမှာပါ။ အိုင်အက်စ်နဲ့ပြုတ်ကျသွားတဲ့ အာဆတ်ဂိုဏ်းသားတွေက ဆီးရီးယားနိုင်ငံကို မတည်ငြိမ်ဖို့ ကြိုးစားနေကြတယ်လို့ ပြောခဲ့ပါတယ်။
မျက်မြင်တွေ့ရှိသူတွေကလည်း မျက်နှာကို ဖုံးထားတဲ့ အကြမ်းဖက်သေနတ်သမားဟာ ဘုရားရှိခိုးကျောင်းထဲဝင်လာခဲ့ပြီး ပထမဆုံး လူတွေကို သေနတ်နဲ့ပစ်ခဲ့တယ်လို့ ဆိုကြပါတယ်။ လူအုပ်ကြီးက ဘုရားရှိခိုးကျောင်းထဲက သူ့ကိုဆွဲထုတ်ဖို့ ဝင်တိုက်ခိုက်ကြတဲ့အခါမှာတော့ သူက အဝင်ဝမှာ ဖောက်ခွဲရေးအင်္ကျီနဲ့ ဆက်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ခွဲခဲ့တာလို့ ပြောခဲ့ကြပါတယ်။
Islamic State Group ဟာ သမ္မတဟောင်းအာဆတ်ပြုတ်ကျပြီးတဲ့အချိန်ကစလို့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့အုပ်စုဖြစ်ပါတယ်။ အခုအခါမှာတော့ အမေရိကန်နဲ့ဒေသတွင်းနိုင်ငံတွေက ဆီးရီးယားနိုင်ငံအတွင်း အိုင်အက်စ်အကျဉ်းသားတွေရဲ့ ကိစ္စကို ဖြေရှင်းဖို့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။
Ref- AP







