
၁၄.၆.၂၀၂၅
Translated by Htwe Ko Tun
အရှေ့အလယ်ပိုင်းဒေသအတွင်း အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို Rising Lion စစ်ဆင်ရေးနဲ့ ဇွန်လ ၁၃ ရက်နံနက် ၃ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်အစင်း ၁၀၀ ကို အစ္စရေးနိုင်ငံသို့ လွှတ်တင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ ၁၃ ရက် ညပိုင်းမှာတော့ အစ္စရေးရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေးနိုင်ငံအတွင်း တိုက်ချင်းပစ်ဒုံးကျည်အများအပြား ဆက်တိုက်ပစ်ခတ်ခဲ့ရာမှာတော့ ဒေသအတွင်း ပြိုင်ဘက်နှစ်နိုင်ငံအကြား ပဋိပက္ခက ပိုလို့ အရှိန်မြင့်လာပါတယ်။
ဇွန်လ ၁၃ ရက်မှာ အီရန်နိုင်ငံ အကြီးအကဲ အလီခါမေနီက အစ္စရေးရဲ့တိုက်ခိုက်မှုကို ငြိမ်ခံနေမှာမဟုတ်ဘူးလို့ ပြောခဲ့အပြီး အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကြောင့် ဇွန်လ ၁၃ ရက်ညမှာပဲ အစ္စရေးနိုင်ငံတစ်ဝန်း လေကြောင်းရန်ကာကွယ်ရေးအချက်ပေးသံတွေထွက်ပေါ်လာခဲ့ကာ တယ်လ်အဗစ်နဲ့ ဂျေရုဆလမ်မြို့ကြီးတွေမှာ ဒုံးကျည်ထိမှန်ပေါက်ကွဲသံတွေကို ကြားနေရပါတယ်။
ခါမေနီက အစ္စရေးဟာ စစ်ပွဲတစ်ရပ်ကို အစပျိုးလိုက်ပြီလို့ ပြောခဲ့ပြီး ဒီလိုပစ်ပြီးပြေးတဲ့လုပ်ရပ်တွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အီရန်နိုင်ငံပိုင်သတင်းဌာန IRNA ကလည်း ဇွန်လ ၁၃ ရက် ညမှာ ရာပေါင်းများစွာသော တိုက်ချင်းပစ်ဒုံးကျည်တွေကို သီးခြားသုံးသုတ်ခွဲလို့ပစ်လွှတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အီရန်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံအတွင်း လူလေးဦးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဇွန်လ ၁၄ ရက်ထုတ် Jerusalem Post သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
အီရန်ဘက်ကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူ ၇၈ ဦးအနည်းဆုံးသေဆုံးပြီး အီရန်စစ်ဘက်အရာရှိကြီးတွေနဲ့ အရပ်သားအများစုအပါအဝင် လူ ၃၂၀ ဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Ref- Jerusalem Post, Al Jazeera





