သက်တံ့
၂၉. ၉. ၂၀၂၆
အမေရိကန်နှင့် တရုတ်တို့အကြား ဉာဏ်ရည်တု (AI) နည်းပညာ ပြိုင်ဆိုင်မှု ပိုမိုမြန်ဆန်လာချိန်တွင် AI ဘေးကင်းလုံခြုံရေးအတွက် ထိန်းချုပ်ရန် တောင်းဆိုမှုမှာ နောက်ကျသွားပြီဖြစ်သော်လည်း လိုအပ်သည့် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများကို သတ်မှတ်ပေးနိုင်သည့် အဖွဲ့အစည်းများ ထူထောင်ခြင်းက ထိရောက်သည့် ကူညီမှုဖြစ်စေမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဗာလာခရစ်ရှနန် (Vivian Balakrishnan) က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။
“နည်းပညာသစ်တွေအတွက် စည်းမျဉ်းသစ်တွေကို အတူတကွ ရေးဆွဲရမှာဖြစ်သလို လိုအပ်ရင် အဖွဲ့အစည်းသစ်တွေကို ထူထောင်ဖို့ အသင့်ပြင်ထားရပါမယ်” ဟု ၎င်းက စက်တင်ဘာ ၂၆ ရက် မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။
ထို့အပြင် “AI ဘေးကင်းရေးဆိုင်ရာ UN မူဘောင်ကွန်ဗင်းရှင်း (UN Framework Convention on AI Safeguards) အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်မှုအားလုံးကို လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ UN မူဘောင်ကွန်ဗင်းရှင်းကဲ့သို့ အဆိုပါ ကွန်ဗင်းရှင်းသည် အခြေခံမူများ၊ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများကို ထူထောင်ပေးနိုင်သည့် ကျယ်ပြန့်သော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ဖြစ်လာနိုင်မည်ဖြစ်သည်။ ယင်းနှင့် အလားတူ အဆိုပြုချက်ကို တူရကီသမ္မတ အာဒိုဂန် ကလည်း တင်ပြခဲ့ဖူးသည်။
AI ဘေးကင်းရေးနှင့် ပတ်သက်၍ ထိပ်တန်းနည်းပညာခေါင်းဆောင်များ၊ သုတေသီများနှင့် ဥပဒေပြုသူများ၏ စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် အဖွဲ့အစည်းသစ်များ လိုအပ်လာကြောင်း၊ အထူးသဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် ITU နှင့် နျူကလီးယားကဏ္ဍတွင် IAEA ကဲ့သို့သော နည်းပညာစံချိန်စံညွှန်းများ သတ်မှတ်ပေးသည့် အဖွဲ့အစည်းမျိုး လိုအပ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
ထို့အပြင် AI နည်းပညာကြောင့် ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်ကြီး ၃ ချက်မှာ –
၁။ အလိုအလျောက် ထိန်းချုပ်စနစ်များ (Autonomous Systems) ကို ထိန်းချုပ်မှု လွတ်သွားခြင်း၊
၂။ မသမာသူများက ဇီဝလက်နက်နှင့် အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရာတွင် လွဲမှားစွာ အသုံးပြုခြင်းနှင့်
၃။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ကမောက်ကမဖြစ်မှုများ စသည်တို့ ဖြစ်ကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
“ဂျင်းနီဘီလူးဟာ ဗူးထဲက ထွက်သွားခဲ့ပါပြီ (ပြန်လှည့်လို့ မရတော့ပါ)။ နည်းပညာဖွံ့ဖြိုးမှုကို ရပ်တန့်ဖို့ တောင်းဆိုဖို့ဆိုတာ သက်ဆိုင်ရာ စူပါပါဝါနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုနဲ့ ကုမ္ပဏီတွေရဲ့ စီးပွားရေးအရ တွန်းအားတွေကြောင့် နောက်ကျသွားပါပြီ” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ရှင်းပြခဲ့သည်။
ထို့ပြင် ကားနှင့် လမ်းဘေးမီးပွိုင့်များကို ဥပမာပေးကာ “စွမ်းဆောင်ရည်မြင့် ကားတစ်စီးကို အရှိန်မြှင့် မောင်းနှင်ဖို့ စက်ရှိသလို ထိရောက်တဲ့ ဘရိတ်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် နယ်စပ်တွေကို ဖြတ်ကျော်မောင်းနှင်မယ်ဆိုရင် အားလုံးလက်ခံတဲ့ စည်းမျဉ်းတွေ၊ လုံခြုံရေးခါးပတ်တွေ လိုအပ်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
အထူးသဖြင့် ဆုံးဖြတ်ချက်ချသည့် စနစ်များတွင် လူသား၏ ပါဝင်ထိန်းချုပ်မှု (Human Control) အမြဲရှိနေရမည်ဖြစ်ကြောင်း၊ “စစ်ပွဲမှာ နျူကလီးယား ခလုတ်ကို လူသားရဲ့ လက်ထဲမှာ ထားချင်သလား၊ AI လက်ထဲမှာ ထားချင်သလား” ဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ဆွေးနွေးပွဲအတွင်း နယူးယောက်မြို့ အာရှအသင်းအဖွဲ့ (Asia Society) ဥက္ကဋ္ဌ၊ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကယ်ဗင် ရဒ် (Kevin Rudd) နှင့် ဆွေးနွေးစဉ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ၏ AI ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် တရုတ်နိုင်ငံသည် ၂၀ ရာစု စက်မှုတော်လှန်ရေးကို လွတ်ကင်းခဲ့သဖြင့် နှစ်ပေါင်း ၁၀၀ ကျော်ကြာ နိမ့်ကျမှုနှင့် မညီမျှသော စာချုပ်များကို ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ယခု AI နည်းပညာ တော်လှန်ရေးတွင် အမိအရ ဆုပ်ကိုင်ရန် ပြင်းထန်စွာ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်အစိုးရ၏ ထောက်ပံ့ကြေးပေးမှုများအပြင် တရုတ်နိုင်ငံ၌ စက်ရုပ်နည်းပညာ၊ လျှပ်စစ်ကားနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် နည်းပညာအခြေခံကောင်းများ ရှိနေခြင်း၊ ပြည်တွင်းပြိုင်ဆိုင်မှု ပြင်းထန်ခြင်းတို့က သက်သာသော ဈေးနှုန်းဖြင့် ထိရောက်သည့် AI Model များကို ဖြစ်ထွန်းစေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။
Ref: ANN / The Straits Times
