၂၉.၉.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊(၁၉) မိုင်အတက်လမ်းတွင် မြေကြီးတင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးမှု ယနေ့ စက်တင်ဘာလ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
မြေကြီးများတင်ဆောင်လာသော Dongfeng အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဥ်မှာ Gear free (မော်တော်ယာဉ်တွင် ဂီယာနှင့်အင်ဂျင် အဆက်အသွယ် လုံးဝမရှိဘဲ လွတ်နေသော အနေအထား)ဖြစ်ရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ပြင်ဦးလွင် မီးသတ်စခန်းမှ သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ၂၂ ဘီးယာဥ်မောင်း ဦးဝင်းဗိုလ်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကိုစိုင်းမြတ်ချစ်မှာ ဦးခေါင်းပေါက်ပြဲ၊ ညာခြေထောက်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုနေရာသို့ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရာ ကားခေါင်းအတွင်းညပ်နေသော သေဆုံးသူ ယာဥ်မောင်းကို ညနေ ၃ နာရီ ၂၂ မိနစ်ခန့်တွင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသား၏ရုပ်အလောင်းနှင့် ဒဏ်ရာရသူ ယာဥ်နောက်လိုက်တို့ကို စေတနာမွန်(အုန်းချော) လူမှုရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
