သက်တံ့
၂၉. ၉. ၂၀၂၆
စင်ကာပူ အာဏာပိုင်များအား မိကျောင်းရှာဖွေရေး လုပ်ဆောင်စေခဲ့ပြီး ရေပြင်လှုပ်ရှားမှုများကို ရပ်ဆိုင်းစေခဲ့သည့် ပန်ဒန် ရေလှောင်ကန် (PandanReservoir) ၌ မိကျောင်းရှိနေကြောင်း AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံနှင့် ပတ်သက်၍ အသက် ၃၀ အရွယ် မြန်မာအမျိုးသားတစ်ဦးကို အင်္ဂါနေ့ (စက်တင်ဘာ ၂၉) တွင် စင်ကာပူအာဏာပိုင်များက တရားစွဲဆိုလိုက်သည်။
မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် ရဲလင်းဆိုသူကို သတင်းအမှား ပေးပို့ဆက်သွယ်မှု တစ်မှုနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်ကို ဟန့်တားနှောင့်ယှက်မှု တစ်မှု အပါအဝင် စွပ်စွဲချက် နှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းက စကားပြန်မှတစ်ဆင့် တရားရုံးသို့ ပြောကြားရာတွင် အပြစ်ရှိကြောင်း ဝန်ခံရန် အစီအစဉ်ရှိပြီး ရှေ့နေ ငှားရမ်းမည် မဟုတ်ကြောင်း ထွက်ဆိုခဲ့သည်။
ဩဂုတ် ၂၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ရဲလင်းသည် အဆိုပါ ရေလှောင်ကန်၌ မိကျောင်းတစ်ကောင် ရှိနေကြောင်း ပုံဖော်ထားသည့် AI ဖန်တီး ဓာတ်ပုံတစ်ပုံကို တရားရုံးစာရွက်စာတမ်းများတွင် မင်းမင်းဦး ဟု ဖော်ပြထားသူထံ ပေးပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
စာရွက်စာတမ်းများတွင် ၎င်းတို့၏ ဆက်ဆံရေးကို ဖော်ပြထားခြင်း မရှိသော်လည်း ရဲလင်းသည် အဆိုပါဓာတ်ပုံကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နောက်တစ်နေ့တွင် ရဲလင်းသည် ၎င်း၏ မိုဘိုင်းဖုန်းရှိ Gemini AI အက်ပ်မှ AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများနှင့် မှတ်တမ်း (Log history) များကို ဖျက်ပစ်ခဲ့သည်ဟု ဆိုသည်။ ထိုလုပ်ရပ်မှာ တရားဥပဒေစိုးမိုးရေးကို ဟန့်တားနှောင့်ယှက်မှု စွပ်စွဲချက်၏ အခြေခံအကြောင်းရင်း ဖြစ်သည်။
အမျိုးသား ရေထုဆိုင်ရာ အေဂျင်စီ (PUB) သည် ပန်ဒန် ရေလှောင်ကန်တွင် မိကျောင်းတစ်ကောင် တွေ့ရှိခဲ့ကြောင်း သတင်းအချက်အလက်ကို ဩဂုတ် ၂၀ ရက်တွင် လက်ခံရရှိခဲ့သည်။ PUB သည် အမျိုးသားဥယျာဉ်များ ဘုတ်အဖွဲ့ (NParks) သို့ အကြောင်းကြားခဲ့ပြီး အေဂျင်စီနှစ်ခုစလုံးသည် အဆိုပါဧရိယာတွင် ရှာဖွေဖမ်းဆီးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။
စင်ကာပူ လှေလှော်အသင်း (Singapore Rowing Association) နှင့် စင်ကာပူ ကနူးလှေ အဖွဲ့ချုပ် (Singapore Canoe Federation) တို့ကိုလည်း ရေလှောင်ကန်အတွင်း ရေပြင်လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းရန် အကြောင်းကြားခဲ့သည်။
ဩဂုတ် ၂၁ ရက်တွင် PUB က အဆိုပါ မိကျောင်းဓာတ်ပုံမှာ သတင်းအတု ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရေလှောင်ကန်အတွင်း ရေပြင်လှုပ်ရှားမှုများကို ပြန်လည် စတင်ခဲ့သည်။
သတင်းအမှား ပေးပို့ဖြန့်ဝေသူ မည်သူ့ကိုမဆို အရေးယူဆောင်ရွက်ရန် ဝန်လေးမည်မဟုတ်ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် သတိပေးခဲ့သည်။
”ပြည်သူလူထုကို ထိတ်လန့်မှုနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်စေတဲ့အပြင် ဒီလို သတင်းအမှားတွေဟာ ဖြစ်စဉ်တွေကို ဖြေရှင်းဖို့အတွက် အများပြည်သူဆိုင်ရာ အရင်းအမြစ်တွေကို မလိုလားအပ်ဘဲ အသုံးပြုရတာမျိုး အဓိပ္ပာယ်မရှိ ကုန်ဆုံးစေပါတယ်” ဟု ၎င်းတို့က ပြောကြားခဲ့သည်။
ရဲလင်းသည် နောက်တစ်ကြိမ် ရုံးချိန်းရက်ဖြစ်သော နိုဝင်ဘာ ၁၀ ရက်တွင် တရားရုံးသို့ အမှုရင်ဆိုင်ရန် ထပ်မံ ရောက်ရှိလာမည် ဖြစ်သည်။
သတင်းအမှား ပေးပို့ဆက်သွယ်မှုအတွက် ရဲလင်းအနေဖြင့် ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ စင်ကာပူဒေါ်လာ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၈၀၀) အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။
တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်ကို ဟန့်တားနှောင့်ယှက်မှု ပြစ်မှုသည် ထောင်ဒဏ် ၇ နှစ်အထိ၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည်။
Ref: CNA
