MT News
၃၀. ၉. ၂၀၂၆
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံနေရသော မြန်မာနိုင်ငံသားများအား တပ်မတော်ရေယာဥ်များဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁၄၇၆)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ သည် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း၊ ရေ၊ လေ)တို့အနေဖြင့် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေး ဌာနတာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး စစ်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာကြောင်း သတင်းရရှိသည်။
