သက်တံ့
၂၉. ၉. ၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ် အာရုဏာချယ် ပရာဒေးရှ် ပြည်နယ် (Arunachal Pradesh)၊ ချမ်းလန်းခရိုင် (Changlang) ရှိ နမ်ဖုန်းချောင်း (Nampong Nallah) ဒေသအနီးတွင် ကင်းလှည့်တပ်ဖွဲ့ကို နာဂလက်နက်ကိုင်သောင်းကျန်းသူများဟု ယူဆရသူများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် နမ်ဖုန်းမြို့နယ်ခွဲ (Nampong circle) အပိုင် နမ်ဖုန်းချောင်းအနီး၌ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်စပ်ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်မြေအတွင်း အမှတ် (၂၁) အာသံရိုင်ဖယ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူလသတင်းဖော်ပြချက်များအရ နာဂသောင်းကျန်းသူများဟု ယူဆရသူများက ကင်းလှည့်တပ်ဖွဲ့အား ပစ်ခတ်ခဲ့သဖြင့် တပ်ကြပ်ကြီး (Havildar) ဂျန်ခိုခိုင်ကူကီး (Jankhokai Kuki – အသက် ၄၂ နှစ်) သေဆုံးခဲ့ပြီး အခြား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များအား ဆေးဝါးကုသမှု ပေးနိုင်ရန် ရွှေ့ပြောင်းပေးလျက်ရှိပြီး အသေးစိတ် အခြေအနေများကိုမူ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များသည် အဆိုပါနယ်မြေအတွင်း စစ်ဆင်ရေးများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် NSCN – K-YA (National Socialist Council of Nagaland (Khaplang-Yung Aung)) အဖွဲ့မှ သောင်းကျန်းသူများ ပါဝင်ပတ်သက်နေကြောင်း ရှာဖွေတွေ့ရှိချက် မူလအစီရင်ခံစာများက ဆိုသော်လည်း တိုက်ခိုက်သူများ မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။
ယခုဖြစ်စဉ်သည် အာရုဏာချယ် ပရာဒေးရှ် ပြည်နယ်၏ သတ်မှတ်နယ်မြေအချို့တွင် ဗဟိုအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များ (အထူးလုပ်ပိုင်ခွင့်) အက်ဥပဒေ ၁၉၅၈ (AFSPA) သက်တမ်း ထပ်မံတိုးမြှင့်မှု စတင်မသက်ရောက်မီ နှစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဗဟိုအစိုးရသည် အဆိုပါ ဥပဒေကို လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ထားပြီး တီရတ် (Tirap)၊ ချမ်းလန်း (Changlang) နှင့် လောင်ဒင်း (Longding) ခရိုင်များကို ယင်းဥပဒေအောက်တွင် ဆက်လက်ထည့်သွင်းထားသည်။
နယ်စပ်ဒေသများ၌ လုံခြုံရေးအရ စိုးရိမ်ရမှုများ ဆက်လက်ရှိနေချိန်၊ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့များ အခြေစိုက်လှုပ်ရှားနေသည့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကို ဖြတ်သန်းလှုပ်ရှားနေချိန်တွင် ယခုကဲ့သို့ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အာသံရိုင်ဖယ် တပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
ချမ်းလန်းခရိုင် ရဲမှူးကြီး Kirli Padu က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လက်ခံရရှိထားပြီး အသေးစိတ်အချက်အလက်များ စုဆောင်းရန် ချမ်းလန်းရဲစခန်းမှ စခန်းမှူးအား ညွှန်ကြားထားကြောင်း ပြောကြားသည်။
“အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းရရှိထားပြီး ချမ်းလန်းရဲစခန်းစခန်းမှူးကို သတင်းအချက်အလက်တွေ စုဆောင်းဖို့ ညွှန်ကြားထားပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။
Ref: FPJ
