၂၉.၉.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒက်ကာတွင် ဒက်ကာမြို့၏ ဘတ်ဒါနယ်မြေ၌ စက်တင်ဘာလ ၂၈ ရက် ညက ဖြစ်ပွားခဲ့သော သီးခြားဖြစ်ရပ်များတွင် နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ ဓားဖြင့်ထိုးနှက်ခံရမှုများကြောင့် ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
ဒဏ်ရာရရှိသူသုံးဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့သည့် အမ်ဒီ အယ်လ် အမင် (၂၅ နှစ်) ၊ ဆိုင်းဖိုလ် အစ္စလမ် (၂၃ နှစ်) နှင့် ဓားထိုးခံခဲ့ရသူ ကျောင်းသားတစ်ဦးဖြစ်သည့် အဗ္ဗဒူလာ(၁၆ နှစ်) တို့ ဖြစ်ကြကြောင်း သတင်းများကဆိုသည်။
ဒက်ကာဆေးကောလိပ် (DMCH) ရဲစခန်းမှ ဒု-ရဲမှူးကြီး အမ်ဒီ ဆီလင်း ဟော့စိန်က အဆိုပါ ဖြစ်ရပ်များကို အတည်ပြုပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများသည် စက်တင်ဘာလ ၂၈ ရက် ညက DMCH တွင် ဆေးကုသမှုခံယူခဲ့ကြကြောင်း ပြောကြားခဲ့သည်။
အဗ္ဗဒူလာ၏မိခင်ဘက်မှ ဦးလေးတော်စပ်သူ ကောဆာ တာရက် က အဗ္ဗဒူလာနှင့် သူငယ်ချင်းအချို့သည် ည ၁၀ နာရီခန့်တွင် ဘတ်ဒါနယ်မြေ ရှိ Alatunnesa ကျောင်းအနီးမှ ဖြတ်သန်းသွားလာနေစဉ် အမည်မသိ တိုက်ခိုက်သူများက လမ်းမပေါ်၌ ၎င်းကို ဓားဖြင့်ထိုးနှက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဖြစ်စဉ်မဖြစ်ပွားမီ ခဏအလိုက အဲဒီနေရာမှာ လူအုပ်စုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ ကြားသိရပါတယ်။ နောက်ပိုင်းမှာတော့ အုပ်စုတစ်စုက လူတွေ လမ်းမပေါ်မှာ တွေ့တဲ့အခါ တိုက်ခိုက်ခဲ့ကြတာပါ” ဟု ၎င်းက ပြောသည်။
ကျောင်းသားတစ်ဦးဖြစ်သူ အဗ္ဗဒူလာသည် ဒေသတွင်းကျောင်းတစ်ခုမှ ကျောင်းသားတစ်ဦးဖြစ်ပြီး မတ်ဟာ ဘတ်ဒါ ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
ယင်းဖြစ်ရပ်မတိုင်မီက အယ်လ် အမင်သည် ထိုဒေသရှိ လူအုပ်စုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ သူ့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် သူငယ်ချင်းဖြစ်သူ ရာ့စ်ဆယ်လ် က အယ်လ် အမင်သည် Alatunnesa ကျောင်း၏ နောက်ဘက်တွင် နေထိုင်ကြောင်း ပြောကြားခဲ့သည်။
အယ်လ် အမင်သည် ထိုဒေသကို ဖြတ်သန်းသွားလာနေစဉ် ညာဘက်ဒူးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ကယ်ဆယ်ခံရကာ ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်။
ည ၁၁ နာရီခန့်တွင် ရေခဲသေတ္တာပြင်ဆင်သူ ဆိုင်းဖိုလ် အစ္စလမ် သည်လည်း မီရူးလ် ဘတ်ဒါ ဈေးအနီးရှိ လမ်းကြားတစ်ခုတွင် ခြေထောက်၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ဘတ်ဒါ ဈေးဧရိယာရှိ နေအိမ်တွင် နေထိုင်သူ ဆိုင်းဖိုလ် သည် အိမ်ပြန်လာစဉ် ဦးထုပ်ဆောင်းထားသော တိုက်ခိုက်သူနှစ်ဦးက ၎င်းကို တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။
၎င်း ထွက်ပြေးရန် ကြိုးစားစဉ် နောက်မှနေ၍ ပစ်ခတ်ခဲ့ရာ ခြေထောက်ကို ထိမှန်ခဲ့သည်ဟု ဆိုသည်။
အိမ်နီးချင်းတစ်ဦးဖြစ်သူ မိုဟန် ဂါဇီက သူ့ကို ကယ်ဆယ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဘတ်ဒါ ရဲစခန်းမှ တာဝန်ကျအရာရှိ အဘူ ဇာဖာက ရဲစခန်း နယ်မြေအတွင်း ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့ ကြောင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ သည်။
“ရဲအရာရှိများက အဆိုပါအမှုများကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိပြီး ပါဝင်ပတ်သက်သူများကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref- Dhaka Tribune
