




၂၉.၉.၂၀၂၆
Written by Linn Eain
တနင်္သာရီတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု ၃၃၉၇ စုနှင့် လူဦးရေ ၁၈၇၁၂ ဦး ရေဘေးကြုံတွေ့နေရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၂၈ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြည်သူနှင့်လုပ်ငန်းရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် ပရဟိတအဖွဲ့ များနှင့် ပူးပေါင်း၍ အကောင်းဆုံးဖြစ်အောင် အချိန်မီကူညီဆောင် ရွက်ပေးရန်လိုအပ်ပြီး ထပ်မံဆုံးရှုံးမှုများ မဖြစ်ပွားအောင် ကူညီကယ်ဆယ်သင့်သည်များကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရေကြီးရေလျှံသည့် နေရာများသို့ စက်ယန္တရားများ ရောက်ရှိအောင် ဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းကစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်(၈၀) အတွင်း စံချိန်တင်ရေလျှံမှုဖြစ်ခဲ့ရာ ဆေးရုံလမ်းရှိ အိမ်ထောင်စု ၂၀၊ လူဦးရေ ၆၇ ဦးကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ထားဝယ်မြို့အနေဖြင့် အန္တရာယ်ရှိသည့် အနေအထားမဖြစ်ပွားခဲ့ကြောင်း၊လောင်းလုံးမြို့နယ်တွင် လူထိခိုက်မှုများရှိခဲ့၍ ကူညီဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရာများ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ မာမားခေါက်ဆွဲ၊ ငါးသေတ္တာ စသည့် စားသောက်ကုန် ငါးမျိုး ရောက်ရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ရသည့် အိမ်ထောင်စု ၃၃၉၇ စုနှင့် လူဦးရေ ၁၈၇၁၂ ဦး ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက တိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အလှူရှင်များ၏ ထောက်ပံ့ထားရှိမှုအခြေအနေ၊ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ကြက်ဥ၊ မာမားခေါက်ဆွဲ၊ ငါးသေတ္တာစသည့် စားသောက် ကုန်ငါးမျိုး တစ်ပတ်စာထောက်ပံ့ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
