သက်တံ့
၂၉. ၉. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၌ နယူးယောက်တိုင်းမ်း (New York Times) သတင်းစာ၏ အမှုဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီးနောက် သက်ကြီးရွယ်အို ဖြစ်ကြသည့် ၎င်း၏ ယောက္ခမနှစ်ဦးကို လူသတ်မှု မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အသက် ၄၀ အရွယ် ဂျိုနသန် မက်ကင်ဆေး (Jonathan McKinsey) သည် New York Times သတင်းစာတိုက်၏ ဂိမ်းကစားသူများ အတွေ့အကြုံဆိုင်ရာ နည်းပညာကဏ္ဍမှ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ၎င်းကို စနေနေ့ မွန်းလွဲပိုင်းက ဆန်ဖရန်စစ္စကိုမြို့၏ အရှေ့ဘက် ၃၅ မိုင် (၅၆ ကီလိုမီတာ) အကွာရှိ ဒါဘလင်မြို့ (Dublin) မော်တော်ယာဉ် ရပ်နားစခန်းတစ်ခုအတွင်း သေနတ်ဒဏ်ရာ အများအပြားဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
၎င်း၏ ယောက္ခမများဖြစ်ကြသည့် အသက် ၇၇ နှစ်အရွယ် ရှူယုံကျန်း (Shouyong Zhang) နှင့် ရှီလီချန် (Shili Chen) တို့နှစ်ဦးသည် ပထမအဆင့် လူသတ်မှုအပါအဝင် ပြစ်မှုပေါင်းများစွာဖြင့် တရားစွဲဆိုခံထားရသည်။ အဆိုပါ ဇနီးမောင်နှံတွင် ရှေ့နေရှိ မရှိကို မသိရသေးဘဲ ၎င်းတို့သည် တရားစွဲဆိုထားသည့် စွပ်စွဲချက်များကို ရင်ဆိုင်ရန် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၃၀) တွင် တရားရုံး၌ ရာဇဝတ်မှုဆိုင်ရာ ပထမဆုံးအကြိမ် ရုံးထုတ်လာမည် ဖြစ်သည်။
မက်ကင်ဆေး သေဆုံးသွားကြောင်းကို နယူးယောက်တိုင်းမ်း သတင်းစာတိုက်က အတည်ပြုခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို စနေနေ့ မွန်းလွဲ ၃ နာရီ (ဂရင်းနစ်စံတော်ချိန် ၂၃:၀၀ နာရီ) က ဒါဘလင် အားကစားကွင်း ပြင်ပတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာကို မျက်မြင်တွေ့ရှိသူများက ဆန်ဖရန်စစ္စကိုအခြေစိုက် KGO-TV သတင်းဌာနသို့ ပြောကြားရာတွင် မက်ကင်ဆေး လဲကျမသွားမီ သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားခဲ့ရကြောင်း ဆိုသည်။
“အမျိုးသားတစ်ယောက် မြေကြီးပေါ် လဲကျသွားတာ ကျွန်တော် မြင်လိုက်ရတယ်၊ ခေါင်းမှာရော ရင်ဘတ်မှာပါ သွေးတွေနဲ့ပါ” ဟု မျက်မြင်တွေ့ရှိသူ အာဆဒ် ရာဇာဝီ (Assad Razawi) က သတင်းဌာနသို့ ပြောခဲ့သည်။
အာဆဒ် ရာဇာဝီ၏ သမီးဖြစ်သူကလည်း သူမ၏ ဖခင်ဖြစ်သူက အဆိုပါ လင်မယားနှစ်ဦး “အတူတကွ လမ်းလျှောက်လာသည်ကို တွေ့ခဲ့ရသလို ပစ်ခတ်မှုဖြစ်ပြီးနောက် အေးအေးဆေးဆေးပင် ထွက်ခွာသွားကြသည်” ကို မြင်တွေ့ခဲ့ရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ အဘိုးအဘွား နှစ်ဦးကို အခင်းဖြစ်ပွားရာနေရာ အနီးမှ ဖြတ်သန်းသွားသည့် ရဲအရာရှိတစ်ဦးက မိနစ်ပိုင်းအကြာတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာ နယ်မြေအတွင်း၌ပင် ဆက်လက်ရှိနေခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
မက်ကင်ဆေးသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
၎င်းအား သတ်ဖြတ်ရသည့် အကြောင်းရင်းကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း မက်ကင်ဆေးနှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် တရားဝင် ကွာရှင်းပြတ်စဲရန်နှင့် သားသမီး အုပ်ထိန်းခွင့်အတွက် တရားရုံးတွင် အပြင်းအထန် အငြင်းပွားနေကြသည့် အချိန်ဖြစ်သည်။
ထို့အတူ တရားရုံးမှတ်တမ်းများအရလည်း မက်ကင်ဆေးသည် ယခင်က ၎င်း၏ကလေးများအပေါ် အကြမ်းဖက်မှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု စသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရဖူးကြောင်း သိရသည်။ ၎င်းအပြင် မက်ကင်ဆေးကလည်း ၎င်း၏ယောက္ခမဖြစ်သူက ၎င်းအပေါ် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံသည့် ဆဲဆိုမှုများ (Anti-LGBTQ slurs) ပြုလုပ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုထားဖူးသည်။
ယခုအခါ အဆိုပါ သက်ကြီးရွယ်အို ဇနီးမောင်နှံကို ဆန်တာရီတာ (Santa Rita) အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့အပေါ် ပူးပေါင်းကြံစည်မှု ရာဇဝတ်မှု၊ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ပေါ့ဆမှုဖြင့် သေနတ်ပစ်ခတ်မှုနှင့် ကလေးသူငယ်များအား အန္တရာယ်ဖြစ်စေမှု စသည့် စွပ်စွဲချက်များဖြင့်ပါ တရားစွဲဆိုခံထားရသည်။
Ref: BBC & NBC
