သက်တံ့
၂၉. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင် (Suphan Buri)၊ ဆမ်ချက်မြို့နယ် (Sam Chuk) တွင် မနာလိုဝန်တိုမှုကြောင့်ဟု ယူဆရသည့် ပစ်ခတ်မှုတစ်ခုအတွင်း အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် အမျိုးသားတစ်ဦးသည် ရဲတပ်ဖွဲ့ထံ လာရောက်ဖမ်းဆီးခံခဲ့သည်။
အဆိုပါ မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၇ ရက် (တနင်္ဂနွေနေ့) က သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ သေဆုံးသူများမှာ အသက် ၄၄ နှစ်အရွယ် အိမ်ပိုင်ရှင် အမျိုးသမီး တီရာယာဒါ (Tirayada)၊ သူမ၏ အသက် ၆ နှစ်အရွယ် သားငယ်နှင့် အသက် ၄၁ နှစ်အရွယ် အာတီပေါင် (Atipong) ဆိုသူ အမျိုးသားတို့ ဖြစ်ကြသည်။
အာတီပေါင်သည် ရပ်ကွက်လူကြီး၏ လက်ထောက်ဟောင်းတစ်ဦး ဖြစ်ကြောင်း သိရသည်။ သတင်းဖော်ပြချက်များအရ အာတီပေါင်သည် သားတစ်ဦးရှိသည့် တစ်ကိုယ်တော်မိခင် တီရာယာဒါကို ပိုးပန်းနေသူဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သူမ၏နေအိမ်သို့ လာရောက်လည်ပတ်နေခြင်း ဖြစ်သည်။
ဆမ်ချက်ရဲစခန်းမှ ရဲအရာရှိများက အမှုအား စုံစမ်းစစ်ဆေးခဲ့ပြီး သံသယရှိသူမှာ အသက် ၄၄ နှစ်အရွယ် ချတ်ချိုင် (Chatchai) ဆိုသူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် မနေ့က (စက်တင်ဘာ ၂၈ ရက်) တွင် ၎င်းသည် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့သည်။
Amarin TV သတင်း၏ ဖော်ပြချက်အရ ချတ်ချိုင်သည်လည်း တီရာယာဒါအပေါ် သံယောဇဉ်ရှိနေသူဖြစ်ပြီး အာတီပေါင်အား အချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ မနာလိုဝန်တိုဖြစ်ရာမှ ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
သတင်းဖော်ပြချက်အရ ချတ်ချိုင်သည် တီရာယာဒါနှင့် အာတီပေါင်တို့ အတူရှိနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဒေါသထွက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အာတီပေါင်အား ပထမဦးစွာ ပစ်ခတ်ခဲ့ပြီးမှ တီရာယာဒါကို ဆက်လက်ပစ်ခတ်ခဲ့သည်။ အမျိုးသမီးမှာ ရေချိုးခန်းအတွင်း သို့ ဝင်ရောက်ပုန်းအောင်းရန် ကြိုးပမ်းခဲ့သော်လည်း သေဆုံးသွားခဲ့ရသည်။
အသက် ၆ နှစ်အရွယ် ကလေးငယ်ကိုမူ တမင်သက်သက် ပစ်ခတ်ခဲ့ခြင်း မဟုတ်ဘဲ သေနတ်ဖြင့်ပစ်ခတ်စဉ် ကျည်က မတော်တဆ ကလေးကို ထိမှန်သွားခြင်းဖြစ်ကြောင်း ချတ်ချိုင်က ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် ယင်းထွက်ဆိုချက်ကို အတည်မပြုရသေးဘဲ သံသယရှိသူအား ဆက်လက် စစ်ဆေးမေးမြန်းလျက်ရှိသည်။
ထို့အပြင် သံသယရှိသူသည် လူသတ်မှုတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် သေနတ်တို့ကို စွန့်ပစ်ခဲ့သည့် ကန်ချနာဘူရီခရိုင် (Kanchanaburi) သို့ ရဲအရာရှိများအား လမ်းပြခေါ်ဆောင်သွားခဲ့သည်။
ယခုအမှုသည် ထိုင်းနိုင်ငံတွင် မနာလိုဝန်တိုမှုကြောင့် ဖြစ်ပွားခဲ့သည့် အခြားသော အကြမ်းဖက်မှု ဖြစ်စဉ်များ နောက်ပိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ပတ္တရားမြို့တွင် ထိုင်းအမျိုးသားတစ်ဦးသည် ၎င်း၏ အခန်းသို့ ပြန်လာစဉ် ချစ်သူအမျိုးသမီးနှင့်အတူ ရှိနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ လအတွင်း၌ပင် နခွန်စီသမာရတ် (Nakhon Si Thammarat) ၌ ချစ်သူအမျိုးသမီးကို သတ်ဖြတ်မှုဖြင့် အလိုရှိနေသည့် ထိုင်းအမျိုးသားတစ်ဦးသည် ကိုယ့်ကိုယ်ကို သတ်သေလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ထို့အတူ ဇူလိုင်လအတွင်းကလည်း ဘန်ကောက်ရှိ နေအိမ်တစ်အိမ်တွင် ဇနီးဟောင်းနှင့် သူမ၏ ချစ်သူသစ်တို့အား ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းစစ်သည်တစ်ဦး ရဲထံ ဖမ်းဆီးခံခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
Ref: Thaiger
