◾ ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ က လူပေါင်း ၂ ဒသမ ၆ သန်းကျော်အား သက်ရောက်မှုရှိခဲ့
၃၀.၉.၂၀၂၆
Translated by Htwe Ko Tun
ထိုင်း၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၁၃၀ ဦး သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ ရေဘေးကြောင့် ထိခိုက်ခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်များက ပြောကြားကြတယ်လို့ တူရကီနိုင်ငံ၊ အနာဒိုလူ သတင်းဌာန (AA) က စက်တင်ဘာလ ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးပြီး ပြည်နယ် ၂၉ ခုနဲ့ မြို့တော်ဘန်ကောက်မှာ လူပေါင်း ၂ ဒသမ ၆ သန်းကျော် ရေဘေးထိခိုက်ခဲ့ရတယ်လို့ The Nation သတင်းဌာနက ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနကို ကိုးကားဖော်ပြခဲ့ပါတယ်။
အဆိုပါဌာနက စက်တင်ဘာလ ၂၉ ရက် နံနက် ၆ နာရီ (GMT စက်တင်ဘာလ ၂၈ ရက် တနင်္လာနေ့ ၂၃၀၀ နာရီ) မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးအစီရင်ခံစာမှာ ထိုင်းနိုင်ငံအတွင်း ရေကြီးရေလျှံမှုတွေဟာ ခရိုင် ၁၆၇ ခု၊ ခရိုင်ခွဲ ၈၉၀ နဲ့ ရွာ ၅,၀၇၇ ရွာမှာ ဆက်လက်တည်ရှိနေပြီး အိမ်ထောင်စု ၉၄၀,၃၀၀ ကို ထိခိုက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဌာနရဲ့ အဆိုအရ ပြည်နယ် ၁၄ ခုမှာ ရေမျက်နှာပြင်တွေ မြင့်တက်လာပြီး ပြည်နယ်ခြောက်ခုနဲ့ ဘန်ကောက်မှာ တည်ငြိမ်နေကာ အခြားပြည်နယ်ကိုးခုမှာတော့ ရေကျဆင်းသွားတယ်လို့ သိရပါတယ်။
ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းမှုက ဘန်ကောက်မြို့ရဲ့ လမ်းတွေနဲ့ လူနေရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားပြီးနောက် ဘန်ကောက်ဟာ ရေဘေးကြောင့် အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ဒေသတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မိုးရွာသွန်းမှု လျော့ကျလာတာနဲ့အမျှ ဒေသန္တရအာဏာပိုင်တွေဟာ ရေဘေးသင့်ဒေသတွေမှ ရေတွေကို ဆက်လက်စုပ်ထုတ်နေခဲ့ကြပါတယ်။
ဒီနောက် ထိုင်းနိုင်ငံဘက်မှ ဆက်လက်ရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အထက်မှာ ၂၈ နာရီကြာတည်ရှိခဲ့လို့ ဒေသအတွင်း စက်တင်ဘာလ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ နေရာအတော်များများမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဘိရပါတယ်။
ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ကာ နောက်ထပ် ၃၀ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စက်တင်ဘာလ ၂၉ ရက် သတင်း တွေက ဖော်ပြခဲ့ပါတယ်။ ထားဝယ်ခရိုင်အတွင်း သရက်ချောင်း၊ လောင်းလုံနဲ့ ထားဝယ်မြို့နယ်တွေမှာ အများဆုံးထိခိုက်ခဲ့ရတယ်လို့ လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ရေလွှမ်းမိုးမှုတွေကြောင့် အနည်းဆုံး လူ ၈၁ ဦး သေဆုံးပြီး ၆၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်ကယ်ဆယ်ရေးကော်မရှင်နာရုံး၏ ထုတ်ပြန်ချက်ကို ကိုးကားလို့ The Times of India မှ ဖော်ပြခဲ့ပါတယ်။
သတင်းမှာ ရေဘေးကြောင့် အနည်းဆုံး အိမ်ခြေ ၂,၂၅၄ လုံး ပျက်စီးခဲ့ပြီး တိရစ္ဆာန် ၁၅၄ ကောင် သေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။ အာဏာပိုင်တွေက သီးနှံဆုံးရှုံးမှုတွေကို ဆက်လက်အကဲဖြတ် နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
အစီရင်ခံစာအရ ပြည်နယ်တစ်ဝန်း ၄၈ နာရီအတွင်း ပျမ်းမျှမိုးရေချိန် ၆၆ ဒသမ ၅ မီလီမီတာ (၂ ဒသမ ၆ လက်မ) ရရှိခဲ့ပြီး ပုံမှန် ၇ ဒသမ ၆ မီလီမီတာ (သုည ဒသမ ၃ လက်မ)ထက် ၇၇၅% ပိုများတယ်လို့ ဆိုပါတယ်။
ဥတ္တရပရာဒေ့ရှ် ပြည်နယ်ရဲ့ ခရိုင် ၇၅ ခုအနက် ၅၆ ခုမှာ အလွန်အကျွံမိုးရွာသွန်းမှုကြောင့် မိုးရေချိန်သစ် မှတ်တမ်းတင်ခဲ့ပါတယ်။
Ref: AA
