၁၃.၆၂၀၂၅
Written by Hey Mar
ကေတုမတီ တောင်ငူမြို့ရဲ့ သမိုင်းဝင်ရှေးဟောင်းစေတီတချို့ မန္တလေး ငလျင်ကြီးလှုပ်ခတ်စဉ် ပြိုပျက်တာတွေရှိခဲ့တဲ့အတွက် ရှေးဟောင်းဌာပနာထားတဲ့ ဆင်းတုတွေ ကမ္ဗည်းစာတွေ ပေါ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြီးကြောင့် တောင်ငူမြို့မှာ မြတ်စောညီနောင်စေတီ၊ ကိုလိုနီခေတ်က တည်ထားတဲ့ ရွှေဟင်္သာစေတီ၊ နန်းတော်ဦးဘုရား၊ ကောင်းမှုတော်ဘုရား၊ ရွှေဆံတော်ဘုရား၊ လောကုတ္တရာစေတီတော်နဲ့ ပဲခူးရိုးမထဲက ရှင်ပင်ကျောက်ဆောက်ညီတော် နောင်တော်ဘုရားတို့ ထိခိုက်ခဲ့ပြီး ပြိုပျက်သွားလို့ ဖြိုချလိုက်ရတဲ့ လောကုတ္တရာစေတီတော်ရဲ့ ဌာပနာတိုက်အတွင်းက တွေ့ရှိရတဲ့ ကြေးသွန်းရုပ်ပွားတော်တွေနဲ့ ပစ္စည်းတွေကိုလည်း သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာနက ခေတ် ကာလ အကြမ်းဖျင်းပိုင်းခြားရာ ပုဂံခေတ်၊ အင်းဝခေတ်နဲ့ ညောင်ရမ်းခေတ်က လက်ရာတွေ၊ နောက်ပြီး ကုန်းဘောင်ခေတ် ကျောက်ဆင်းတုတွေကို ရှေးကျတဲ့ ပုံသဏ္ဌာန်နဲ့ တွေ့ရှိရတယ်လို့ သိရပါတယ်။
ရှေးဟောင်းသုတေသနနဲ့ ညွှန်ကြားမှုဦးစီးဌာနမှာ အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေသူ ဒေါက်တာဦးမြသောင်းက “တောင်ငူက ဘုရားတွေလည်း ငလျင်မှာ အတော်များများပြိုတယ်။ တစ်ခုကောင်းတာကတော့ ရှေးခေတ်က ဌာပနာထားတဲ့ဆင်းတုတော်တွေ၊ ကမ္ဗည်းစာတွေ ပေါ်လာတာတော့အမြတ်ပေါ့။ ဘုရားကတော့ ပြန်တည်ရမှာပေါ့။ တောင်ငူနဲ့ တစ်ဆက်တည်း ဒွါရဝတီမြို့ဟောင်းဘုရားပြိုတာမှာ တချို့ကြေးဆင်းတုတွေမှာ သက္ကရာဇ်နဲ့ ကမ္ဗည်းလေးတွေပါတယ်။ အဲ့ဒါကတော့ သမိုင်းအထောက်အထားအရ အတော်အဖိုးတန်တယ်။ အခုမပြင်ရသေးခင်စပ်ကြား ဘုရားဂေါပကအဖွဲ့က ထိန်းသိမ်းအပူဇော်ခံထားပါတယ်” လို့ MT Newsကို ပြောပါတယ်။
လောကုတ္တရာစေတီတော်ရဲ့ ဌာပနာတိုက်ထဲက ဆယ်ရာစု၊ ဆယ့်တစ်ရာစုလောက်က အုတ်ခွက် ဘုရားနှစ်ဆူ အပါအဝင် ဆင်းတုပေါင်း ၄၅၂ ဆူ ထွက်ပေါ်လာခဲ့ပြီး လက်ရှိမှာ အများပြည်သူဖူးမြော်နိုင်အောင် အပူဇော်ခံထားရှိထားတယ်လို့လည်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိမြို့ရိုးနဲ့ ကျုံးတို့ရှိရာ ယဉ်ကျေးမှုအမွေအနှစ်တွေတည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၉ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပြည်ထောင်စု အစိုးရအဖွဲရဲ့ သဘောတူညီချက်နဲ့ ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဒေသ ကျုံးရဲ့အပြင်ဘက် နယ်နမိတ်နဲ့ မြိုရိုးရဲ့ အတွင်းဘက် နယ်နမိတ် ဧရိယာတွေ သတ်မှတ်ကာ ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာဒေသ (Property area)အဖြစ် ထိန်းသိမ်းသတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။




