၁၃. ၆. ၂၀၂၅
Translated by Thettant
မနေ့က ဇွန်လ ၁၂ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်တစ်ဆိုင်မှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သေနတ်နဲ့ပစ်ခတ်ခံရပေမဲ့ သူ့လည်ပင်းမှာ ဆွဲထားခဲ့တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အဆောင်လက်ဖွဲ့ဆွဲပြားကို ကျည်ဆန်က ထိမှန်သွားတာကြောင့် ရင်ဘတ်ကို ကျည်ဖောက်ဝင်မှုက အကာအကွယ်ရခဲ့ပြီး အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ထူးခြားဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ထိုင်းနိုင်ငံ၊ ဘန်ခမ်ရဲစခန်းက ရဲအရာရှိတွေဟာ ဘန်ခမ်ခရိုင်၊ ဖာဟိုနယော့သင်လမ်းမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရရှိအပြီး သွားရောက်စစ်ဆေးခဲ့ကြတာပါ။ ရဲတပ်ဖွဲ့ ရောက်ရှိသွားချိန်မှာ စားသောက်ဆိုင်က စားပွဲတွေနဲ့ ကုလားထိုင်တွေမှာ သွေးတွေ စွန်းထင်းနေတာကို တွေ့ရှိခဲ့သလို ဒဏ်ရာရထားသူကိုလည်း တွေ့ခဲ့ရတာပါ။
ဒဏ်ရာရရှိသူဟာ အသက် ၅၀ အရွယ် လုပ်ငန်းရှင် ပွန်ချိုင်းဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရတော့ ပေါ်ချိုင်း ဆွဲထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အဆောင်ဆွဲပြားကို ကျည်ဆန်က ထိမှန်သွားပြီး သူ့ရဲ့ရင်ဘတ်ကို တိုက်ရိုက်ထိမှန်ခြင်းက ကာကွယ်ပေးခဲ့တာပါ။ ဒါပေမဲ့လည်း ပွန်ချိုင်းဟာ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာတော့ ရရှိခဲ့ပါသေးတယ်။
ကနဦးစစ်ဆေးမှုအရ ပွန်ချိုင်းဟာ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ စားပွဲနံပါတ် ၃၅ မှာ ထိုင်နေခဲ့တယ်လို့ သိရပြီး သူ့အနောက်ဘက်မှာရှိတဲ့ ပြတင်းပေါက်ကလည်း ကွဲအက်နေသလို ကျည်ခွံနှစ်ခုကိုလည်း အနီးအနားမှာ တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ကျည်ဆန်စိုက်ဝင်နေတဲ့ ပျက်စီးနေတဲ့ ဆွဲပြားကိုလည်း မြေပြင်ကနေ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဆိုပါဆွဲပြားမှာတော့ နခွန်ပထုန်ပြည်နယ်က စုဝမ်ဘုရားကျောင်းရဲ့ ပျံလွန်သူကျောင်းထိုင်ဆရာတော်ရဲ့ ပုံတော် ပါရှိတယ်လို့လည်း သိရပါတယ်။
ဒီဖြစ်ရပ် ပျံ့နှံ့သွားအပြီးမှာ ဗုဒ္ဓဘာသာဆိုင်ရာ အဆောင်ဆွဲပြားရဲ့ သဘာဝလွန်စွမ်းအားကို ယုံကြည်သူဒေသခံတွေဟာ သူတို့ကို အဆောင်လက်ဖွဲ့တွေက ကာကွယ်ပေးနိုင်စွမ်းနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကို မျှဝေခဲ့ကြသလို ဒီလို ဇာတ်လမ်းတွေထဲက တစ်ခုကတော့ လူဆိုးဂိုဏ်းနှစ်ခုက လူဆိုးတွေဟာ နှစ်ဖက်စလုံးမှာ အဆောင်ဆွဲပြားတွေ ရှိနေတာကို တွေ့ရှိလို့ ခိုက်ရန်ဖြစ်ပွားမှုကို ရပ်တန့်ခဲ့ကြတာ၊ အရင်ကဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာလည်း ဘယ်သူမှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဘူးဆိုတဲ့ ဇာတ်လမ်းတစ်ခုလည်း ပါဝင်ပါသေးတယ်။
လက်ရှိဖြစ်ရပ်မှာတော့ သေနတ်နဲ့ပစ်ခတ်မှုက အိမ်ခြံမြေလေလံစီမံကိန်းနဲ့ပတ်သက်လို့ အငြင်းပွားမှုက စတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးကလည်း ပွန်ချိုင်းနဲ့ သူ့ သူငယ်ချင်းတွေက အိမ်ခြံမြေအရောင်းအဝယ်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ သူတို့ဆိုင်မှာ မကြာခဏတွေ့ဆုံကြသလို ပစ်ခတ်မှုဖြစ်ပွားတဲ့နေ့ကလည်း ခါတိုင်းလို တွေ့ဆုံနေကြတာလို့ အခင်းဖြစ်ရပ်အပေါ် သက်သေထွက်ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦးထုတ်ပြန်ချက်မှာတော့ ပွန်ချိုင်းနဲ့ သေနတ်သမားလို့ သံသယရှိသူ အသက် ၂၈ နှစ်အရွယ် အို လို့သာ သိရှိရတဲ့ အမျိုးသားတို့ဟာ လေလံရဲ့အကျိုးအမြတ်တွေနဲ့ ပတ်သက်လို့ သဘောမတူခဲ့ကြဘဲနဲ့ အငြင်းပွားမှု ပိုမိုပြင်းထန်လာချိန်မှာ အိုက ပွန်ချိုင်းရဲ့ ရင်ဘတ်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။
သေနတ်နဲ့ပစ်ခတ်အပြီးမှာ အိုဟာ အဖြူရောင်ပစ်ကပ်ကားနဲ့ အခင်းဖြစ်ပွားရာနေရာက ထွက်ပြေးခဲ့ပေမယ့် ချက်ချင်းဆိုသလို ဘန်ခမ်ရဲစခန်းမှာ လက်နက်အပ် အဖမ်းခံခဲ့ပါတယ်။
ကြားထဲမှာ အထိနာသွားခဲ့တာကတော့ စားသောက်ဆိုင်ပိုင်ရှင် ပရာဆစ်ဖြစ်ပြီး ဒီပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဆိုင်ထဲမှာ လာရောက်စားသုံးနေတဲ့ ဖောက်သည်အများအပြား ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ ပြောခဲ့သလို ဒီလို ကြောက် လန့်တကြားပြေးတာကို သူ့အနေနဲ့ နားလည်ပေးနိုင်ပေမဲ့ စားသုံးသူတွေအနေနဲ့ ဆိုင်ကိုပြန်လာပြီး စားသောက်သွားတဲ့ ကုန်ကျစရိတ်တွေ ရှင်းလင်းပေးပါလို့ ပရာစစ်က မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။
Ref , Thaiger



