
၁၃. ၆. ၂၀၂၅
Written by Nyein Kyaw
စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ သီးသန့်ထုတ်ရောင်းပေးနေမှုအပြင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာများကိုလည်း ဇွန်လ ၁၀ ရက်မှ စတင်၍ ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် ဒေါ်လာများကို ဇွန်လ ၁၀ ရက်တွင် ဒေါ်လာ ၇၃၀,၄၄၇ ဒသမ ၅၀၊ ဇွန်လ ၁၁ ရက်တွင် ဒေါ်လာ ၁,၀၉၆,၇၀၀ နှင့် ဇွန်လ ၁၂ ရက်တွင် ၁,၃၀၂,၈၆၂ ဒသမ ၅၀ ရောင်းချပေးထားသည်။ အဆိုပါ သုံးရက်အတွင်း စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၁၃ သန်း ရောင်းချပေးထားခြင်းဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် သီးသန့်နိုင်ငံခြားငွေများ ထုတ်ရောင်းပေးနေခြင်းဖြစ်ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇွန်လ ၁၀ ရက်အထိ နှစ်လကျော်တွင် ဒေါ်လာသန်း ၂၄၀ နှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် သီးသန့်ခေါင်းစဉ်ဖြင့် ထုတ်ရောင်းပေးထားသည့် စာရင်းများအရ သိရသည်။
ယခုဘဏ္ဍာနှစ် နှစ်လကျော်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် သီးသန့်ခေါင်းစဉ်ဖြင့် ထုတ်ရောင်းပေးထားမှုများမှာ ဧပြီလအတွင်း ဧပြီလ ၇ ရက်တွင် ဒေါ်လာသန်း ၃၀၊ ဧပြီလ ၂၂ ရက်တွင် ၂၅ သန်းနှင့် ဧပြီလ ၃၀ ရက်တွင် ဒေါ်လာ ၃၈ သန်းဖြင့် စုစုပေါင်း ၉၃ သန်း ထုတ်ရောင်းပေးခဲ့သည်။
အလားတူ မေလအတွင်း မေလ ၆ ရက်တွင် ဒေါ်လာ ၃၃ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ မေလ ၁၃ ရက်တွင် ဒေါ်လာ ၂၃ သန်းနှင့် မေလ ၂၇ ရက်တွင် ဒေါ်လာသန်း ၃၀ ဖြင့် စုစုပေါင်း ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။ ထို့အတူ ယခုဇွန်လတွင် ဇွန်လ ၄ ရက်တွင် ဒေါ်လာသန်း ၃၀ နှင့် ဇွန်လ ၁၀ ရက်တွင် ဒေါ်လာ ၃၂ သန်း ထုတ်ရောင်းပေးထားသည်။

