
◾ ဆန္ဒပြပွဲများမှသည် အမျိုးသားရေးတင်းမာမှုအသွင် ဖြစ်လာနေသလော
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ဥပဒေနဲ့မညီဆိုတဲ့ ပြောင်းရွှေ့နေထိုင်သူတွေကို လော့စ်အိန်ဂျယ်လ်မြို့မှာ စီးနင်းဖမ်းဆီးမှုတွေကြောင့် ဇွန်လ ၆ ရက်မှာစတင်ခဲ့တဲ့ ဆန္ဒပြမှုတွေက လောစ်အိန်ဂျယ်လ်မြို့မှာလည်း ဇွန်လ ၉ ရက်အထိ ဆက်လက်ဖြစ်ပွားနေသလို နိုင်ငံရဲ့ တခြားမြို့ကြီးတွေကိုလည်း ကူးစက်လာတာကြောင့် နိုင်ငံတစ်ဝန်း တင်းမာမှုတွေ ပိုလို့မြင့်တက်လာလေမလား စိုးရိမ်ဖွယ်ရာအခြေအနေမှာ ရှိနေပါတယ်။
ဆန္ဒပြသမားတွေက သမ္မတ ထရန့်အစိုးရ၊ လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေရဲ့ စီးနင်းဖမ်းဆီးမှုတွေကို အနည်းဆုံးနောက်ထပ် မြို့ ၃၀ လောက်မှာ ပြုလုပ်သွားကြဖို့ စီစဉ်ထားကြတယ် ဆိုပါတယ်။ အခုထိဆိုရင်တော့ ဆန်ဖရန်စစ္စကို၊ ဆာကရာမန်တို၊ ဟော့စတန်၊ ဆန်အန်တိုနီယို၊ ချီကာဂိုနဲ့ နယူးယော့ခ်မြို့တွေမှာ တက်ကြွလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်အတွင်း စုဝေးဆန္ဒပြခဲ့ကြကာ ဇွန်လ ၉ ရက်၊ တနင်္လာနေ့မှာတော့ လော့စ်အိန်ဂျယ်လ်က ဆန္ဒပြသမားတွေနဲ့ ပေါင်းစည်းဆန္ဒပြခဲ့ကြပါတယ်။
ဇွန်လ ၉ ရက် မွန်းလွဲပိုင်းမှာတော့ ဆန္ဒပြပွဲစုရုံးစီစဉ်သူတွေက အဓိကမြို့ကြီးတိုင်းမှာ ဆန္ဒပြပွဲတွေ ပြုလုပ်သွားဖို့ စီစဉ်ခဲ့ကြပြန်ပါတယ်။ ဒါက ထရန့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နည်းဗျူဟာတွေနဲ့အတူ ပဋိပက္ခမြင့်တက်လာတာပါပဲ။
ဆန္ဒပြပွဲတွေစတင်ကတည်းက လော့စ်အိန်ဂျယ်လ်မြို့မှာ အနည်းဆုံး လူ ၁၅၀ ထက်မနည်း အဖမ်းခံခဲ့ရပြီး တာဝန်ရှိသူအရာရှိတွေကလည်း နောက်ထပ်ဖမ်းဆီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
သမ္မတထရန့်ရဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို ဆန္ဒပြပွဲတွေကိုထိန်းချုပ်ဖို့ တပ်ချထားခဲ့တာကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဒီမိုကရက်ပါတီဝင် ဂါဗင် နျူဆမ်က သူ့ဆီက ခွင့်ပြုချက် မရယူဘဲ ဆောင်ရွက်ခဲ့လို့ ဥပဒေနဲ့မညီဘူးဆိုပြီး သမ္မတထရန့်ကို တရားရုံးမှာတရားစွဲခဲ့ကာ နိုင်ငံတော် အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့လုပ်ရပ်လို့ ပြောခဲ့ပြန်ပါတယ်။
ဒီအခါမှာတော့ သမ္မတနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအကြား မကျေနပ်မှုတွေက နိုင်ငံရဲ့ အင်အားအကြီး ဆုံးပါတီကြီးနှစ်ခုအကြား တင်းမာမှုတွေကိုဖြစ်စေမလား၊ ဒါ့ပြင် နိုင်ငံတစ်ဝန်းကူးစက်ဖြစ်ပွားလာမယ်ဆိုရင် သာမန်ဆန္ဒပြမှုအခြေအနေကနေနိုင်ငံရေးတွေပါ စပ်ယှက်လာကာ အမျိုးသားရေးတင်းမာမှု အခြေအနေကို ဖြစ်လာစေမလားလို့တောင် သုံးသပ်လာကြတယ်လို့ သိရပါတယ်။
REF- Time Magazine

