၂ .၆ .၂၀၂၅
Written by Hey Mar
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရပြီးသေဆုံးမှု မနေ့က ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်အချိန်က မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီး သင်္ဃန်းကျွန်းကြီးမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။
ယာဉ်တိုက်ခံရမှုကြောင့် အမျိုးသားမှာ ဇက်ကျိုး၊ ဦးနှောက်ပွင့်ထွက်ဒဏ်ရာတွေရရှိကာ နေရာတင်သေဆုံးခဲ့ပြီး အဆိုပါ သင်္ဃန်းကျွန်းကြီးမှတ်တိုင်အနီး ကားလမ်းဘေးမှာ ကားဝပ်ရှော့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့သူလို့လည်း သိရပါတယ်။ သူ့ကိုတိုက်သွားတဲ့ကားက Lexus အမျိုးအစားဖြစ်ပြီး၊ ယာဉ်မောင်းနှင်သူက သက်ဆိုင်ရာနဲ့ ပူးပေါင်းဖြေရှင်းတယ်လို့လည်း သိရပါတယ်။
ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “အမှတ် (၃) လမ်းက လမ်းကလည်းကျယ်လာတယ်။ ဟိုင်းဝေးလမ်းအဖြစ် သတ်မှတ်လိုက်တော့ ကားတွေက အရှိန်နဲ့ သွားလာကြတယ်။ လမ်းဖြတ်ကူးသူတွေကလည်း နှစ်ဖက်စလုံးယာဉ်ကြောရှင်းချိန်စောင့်ဆိုင်းကူးကြတာမဟုတ်ဘူး။ လမ်းလည်မှာ ရပ်နေပြီး တစ်ဖက်ကားအရှင်းစောင့်တာပေါ့။ အမှန်က လမ်းလယ်မျဉ်းက အဲ့လို ရပ်နားစောင့်ဆိုင်းလို့မရဘူး။ ဒါလမ်းကူးသူ နားလည်ရမှာမျိုးပေါ့။ သိပ်မကြာသေးခင်ကလည်း ကောင်မလေးနှစ်ယောက် လမ်းကူးတာ၊ လမ်းမှာ ရပ်ပြီး အဖော်ကို စောင့်နေတုန်း အတိုက်ခံလိုက်ရတယ်။ ဒီလမ်းပေါ်မှာ မကြာခဏ ဖြစ်တယ်” လို့ MT News ကို ပြောပါတယ်။
မနေ့က ဇွန်လ တစ်ရက်နေ့ ယာဉ်တိုက်ခံရမှု ဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ အမျိုးသားက အမေတစ်ခု သားတစ်ခု နေထိုင်သူဖြစ်ကာ အသက် ၇၀ ကျော်အရွယ် လေဖြတ်ဝေဒနာသည် မှီခိုသူမိခင် ကျန်ရစ်တယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပုလဲအရန် မီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကလာဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


