၂.၆.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ချန်ပီယံလိဂ်ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မေလ ၃၁ ရက်ညက ကျင်းပခဲ့ရာမှာ ပြင်သစ်နိုင်ငံရဲ့ ပါရီ စိန့်ဂါမိန် (Paris Saint-Germain)ကလပ်အသင်းက အီတလီနိုင်ငံမှ အင်တာမီလန် (Inter Milan) အသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် အောင်ပွဲခံ အခမ်းအနားတွေမှာ လူနှစ်ဦးသေဆုံးခဲ့ရပြီး လူ ၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ PSG အသင်းက အင်တာမီလန်အသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့အပြီးမှာ အကြမ်းဖက်တဲ့ အောင်ပွဲခံချီတက်အခမ်းအနားတွေက မြို့တော်တဝန်းဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ဇွန်လ ၁ ရက် မနက်အထိ ထိန်းသိမ်းထားခဲ့သူ ၅၅၉ ဦးမှာ ၄၉၁ ဦးက ပါရီမြို့ကလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ က ဖမ်းဆီးချုပ်နှောင်ထားသူ ၃၂၀ ဦးမှာတော့ ပါရီမြို့က ၂၅၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကတော့ ယာဉ်မတော်တဆတိုက်မိလို့ သေဆုံးခဲ့ပြီး ၁၇ နှစ်အရွယ် အခြားတစ်ဦးကတော့ ဓားထိုးခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။
ပါရီမြို့ရဲ့ Champs Elysees လမ်းမပေါ်မှာ အောင်ပွဲခံချီတက်သူတွေက ဘတ်စ်ကားတွေရဲ့ အမိုးအကာတွေကို ဖျက်ဆီးခဲ့ပြီး ရဲတွေကို ကျည်ဖူးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ရဲတွေကလည်း ထောင်နဲ့ချီတဲ့ ထောက်ခံအားပေးချီတက်သူတွေကို ရေပန်းတွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ပြန်လည်တွန်းလှန်ခဲ့ကြပါတယ်။
အကြမ်းဖက်အောင်ပွဲခံချီတက်ပွဲအတွင်း ချီတက်ထောက်ခံသူတွေက ကားအစီးရေ ၂၀၀ ကျော်ကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပြင်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂ ဦးနဲ့ မီးသတ်သမား ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
Ref- Reuters



